စစ်တွေ မေ ၂၀
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအစည်း အဝေးသည် မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီးပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ(၆)ရပ်၏ ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်ဆွေးနွေးသုံးသပ်ပြီး ပစ္စည်းများဖြန့်ဝေပေးခဲ့အခြေများကို ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိုခါမုန်တိုင်း မှတ်တမ်းစာအုပ်ပြုစုရေးနှင့် ပတ်သက်၍လည်း ကော်မတီများဖွဲ့စည်းပြီး ပြုစုဆောင်ရွက်နေသည့်အခြေအနေ၊ ဆောင်ရွက်ပြီးသည့် အခြေအနေများကို ဆွေးနွေးတင်ပြပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းအပါအဝင် အခြားမုန်တိုင်းများနှင့် ပတ်သက်ပြီး မှတ်တမ်းစာအုပ်များ စနစ်တကျပြုစု ထုတ်ဝေထားသကဲ့သို့ မိုခါမုန်တိုင်းမှတ်တမ်းစာအုပ်ကိုလည်း အချက်၊ အလက်၊ မှတ်တမ်း ဓာတ်ပုံ ပြည့်ပြည့်စုံစုံနှင့် ပြုစုဆောင်ရွက်ပေးရန်လည်း ပြောကြားလိုကြောင်း၊ ယခုမေလ ၂၃ ရက်၊ ၂၄ ရက်နေ့များမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့်အတွက် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၊ ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များမှလည်း ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သကဲ့သို့ ပြည်သူလူထုကိုလည်း အချိန်နှင့်တပြေးညီ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရ မည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ တစ်နစ်တကျဆောင်ရွက်ခဲ့မှုကြောင့် မိုခါမုန်တိုင်းမှာအသက်သေဆုံးမှုများ နည်းပါးခဲ့သကဲ့သို့ ပျက်စီးဆုံးရှုံးမှုများလည်း ထိုက်သင့်သလောက် ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းအသိပေးထုတ်ပြန်ချက်များ ရရှိသည်နှင့် တစ်ပြိုင်နက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုစနစ်တကျစီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှလည်း သဘာဝဘေးကူညီထောက်ပံ့မည့်ပစ္စည်းများကို အချိန်မီကြိုတင်ဖြည့်ဆည်းဆောင်ရွက်ထားရန်လိုကြောင်း၊ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၊ ခရိုင်၊ မြို့နယ်အဖွဲ့များမှ ကြိုတင်ပြင်ဆင်မှု အပိုင်းတွင် လိုအပ်သည့်စက်ကိရိယာပစ္စည်းများ၊ ဆေးဝါးများ၊ ထောက်ပံ့ရေးပစ္စည်းများကို ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ အချိန်မီတင်ပြပေးရန်နှင့် ဆောင်ရွက်ထားရှိမှုများကိုလည်း ပြန်လည်တင်ပြ ပေးကြရန်ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ဝေပေးခဲ့မှုအခြေ အနေများ၊ မိုခါမုန်တိုင်း မှတ်တမ်းစာအုပ်ထုတ်ဝေနိုင်ရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး Video Conference စနစ်ဖြင့်တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့်မြို့နယ်အလိုက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)