ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပိတ်ပွဲ အခမ်းအနား တက်ရောက်၊ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု

စစ်တွေ   မေ   ၁၈

နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဆွေးနွေးပွဲ ပိတ်ပွဲကို မေလ ၁၇ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ဆိုင်ရာဆွေးနွေးပွဲ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံ့ဝန်ထမ်းများအားလုံး ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ တာဝန်များကို စနစ်တကျ ထမ်းဆောင်နိုင်စေရေးအတွက်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသည် မူဝါဒများကိုချမှတ်ကြကြောင်း၊ ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည် ဖော်ရာတွင် အဓိကအားဖြင့် ဝန်ထမ်းများဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဝန်ထမ်းများ၏ အရည်အချင်း၊ စွမ်းဆောင်ရည်ကောင်းမှ ချမှတ်ထားသည့်မူဝါဒ များကိုကောင်းမွန်စွာ အကောင်အထည် ဖော်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များကို သိကျွမ်းရုံဖြင့် ပြီးပြည့်စုံမည် မဟုတ်သည့်အတွက် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် အခြား ဥပဒေများကိုလည်း သိရှိလိုက်နာရန်လိုသကဲ့သို့ ဌာနတွင်းလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ ညွှန်ကြားချက်များကိုလည်း မျက်ခြေမပြတ်ဖတ်ရှုသိရှိထားရန် တိုက်တွန်းလိုကြောင်း၊ စည်းကမ်းရှိပြီး ကိုယ်ကျင့် သိက္ခာကောင်း၍ ထက်မြက်သော ဝန်ထမ်းကောင်းများ ဖြစ်အောင် မိမိကိုယ်ကိုစဉ်ဆက်မပြတ် ကြိုးစားကြစေလိုကြောင်း၊ ယခုဆွေးနွေးပွဲတွင် ဝန်ထမ်းများ၏ ကိုယ်အမူအယာ စိတ်နေစိတ်ထားကအစ ကျင့်ဝတ်သိက္ခာပိုင်းမကျန် ဆွေးနွေးပေးခဲ့သည်ကို တွေ့ရှိရကြောင်းနှင့် ဆွေးနွေးပွဲကရရှိခဲ့သည့် အသိဉာဏ် ဗဟုသုတများကို လုပ်ငန်းခွင်မှာ ကိုယ်တိုင်လည်း သုံးပြီး လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက် များကိုလည်း ဖြန့်ဝေပေးကြရန်ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်သည့် အမှုထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များသည် ဆွေးနွေးပွဲတက်ရောက်ကြသည့် ဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးသည် အခမ်းအနားတက်ရောက်ကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကာ စိုက်ပျိုး၊ မွေးမြူရေးကျောင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ရန် တာဝန်ရှိသူ များအားမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၁၅) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ရေတပ်) ကျောင်းများသို့ သွားရောက်ပြီး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

စစ်တွေမြို့မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများက စွန့်ပစ်အမှိုက်များ ကောက်ယူ သိမ်းဆည်းခြင်း၊ မြက်ပင်များ၊  ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်းရေး ဆောင်ရွက်ခြင်းနှင့် ကျောင်းအနီးပတ်ဝန်းကျင်များ သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြ သည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ် တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။ 

ဝင်းမင်းစိုး