တောင်ငူလေတပ်စခန်းဌာနချုပ်၌ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူလေတပ်စခန်းဌာနချုပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၄)၊ တောင်ငူသင်တန်းစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က လူ (၅၀၀) ဆံ့ အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ် ကြည်သိုက်က “လေကြောင်းလူငယ်သင်တန်းများကို လေတပ်စခန်းဌာနချုပ်များ၊ လေတပ်စခန်းများအပြင် တိုင်းစစ်ဌာနချုပ်များတည်ရှိရာ တောင်ကြီး၊ မန္တလေး၊ ကျိုင်းတုံ၊ မော်လမြိုင်၊ ပြည်မြို့များမှာလည်း ဖွင့်လှစ်ပေးခဲ့ပြီး မောင်တို့၊ မယ်တို့လို ကျောင်းသားလူငယ်တွေ လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဥ်ပျံသန်းမှုနှင့် သက်ဆိုင်တဲ့ပညာရပ်များကို တတ်သိနာလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များရဲ့ ဝါသနာကို မြှင့်တင်ပေးရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက်၊ မြင့်မားမှန်ကန်စေရေး၊ အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အခြေခံလေကြောင်းလူငယ်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အရာရှိကြီးများ၊ ကြွရောက်လာသော ဧည့်သည်များက သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုလေ့လာပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

တပ်မတော် (လေ) အနေနဲ့ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများအား လေကြောင်းအခြေခံများကို သိရှိနိုင်စေရန်အတွက် ၁၉၅၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်ထိ လေကြောင်းကင်းထောက်သင်တန်းအမည်ဖြင့်လည်းကောင်း၊ ၁၉၆၇ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ လူငယ် (လေကြောင်း) သင်တန်းအမည်ဖြင့်လည်းကောင်း၊ ၁၉၉၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လေကြောင်းမျိုးဆက်သစ်သင်တန်း၊ လေကြောင်းရဲညွှန့်လောင်းသင်တန်း၊ လေကြောင်းလူငယ်သင်တန်းဟူ၍ အဆင့်ဆင့်ပြောင်းလဲပို့ချခဲ့ပြီး ယခုနှစ် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ် (၁/၂၀၂၄)၊ တောင်ငူသင်တန်းစခန်းတွင် သင်တန်းသားသင်တန်းသူ (၅၀) ဦး တက်ရောက်သင်လျက်ရှိပြီး လေကြောင်းပညာသမိုင်း၊ လေယာဥ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဥ်တည်ဆောက်မှုအခြေခံသဘောတရား၊ လေယာဥ်စက်ပစ္စည်းတည်ဆောက်မှုအခြေခံများ၊ လေယာဥ်ပုံစံငယ် တည်ဆောက်မှုအခြေခံများ၊ တပ်မတော်သမိုင်းနှင့် တပ်မတော်၏ အစဥ်အလာ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ဇာတိသွေး၊ ဇာတိမာန်၊ စစ်သားဂုဏ်ရည်၊ အခြေခံစစ်ပညာ (လက်နက်မဲ့)၊ Radio Control/ Remote Control လေယာဥ်၊ ရဟတ်ယာဥ် မောင်းနှင်ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့မှ မေ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တောင်ငူလေတပ်စခန်းဌာနချုပ်မှ သိရသည်။

ခရိုင် (ပြန်/ဆက်)