ပြည်မြို့၌ ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား စည်ကားသိုက်မြိုက်စွာဖွင့်လှစ်

ပြည် ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဗိုလ်ချုပ်ကျောက်ရုပ်အနီး လမ်းမတော်လမ်းရှိဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်မုခ်ဦးဆိုင်းဘုတ်ရှေ့တို့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ဦးစွာ နံနက် ၈ နာရီတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က နှစ်သစ်ကူးမင်္ဂလာဆုမွန်တောင်း နုတ်ခွန်းဆက်မိန့်ခွန်းပြောကြားသည်။ ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ် စိုးဦးဟန်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးမင်းမင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဏပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာနှင့်မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းအတာသင်္ကြန်တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ နံနက် ၉ နာရီတွင် တာဝန်ရှိသူများက ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်အား ဖဲကြိုဖြတ်ဖွင့်လှစ်ပေးပြီး လမ်းလျှောက်သင်္ကြန်မုခ်ဦးဆိုင်းဘုတ်ရှေ့မှဧရာဝတီမြစ်ကမ်းစပ်အထိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့များ၊ ရေကစားသူပြည်သူများနှင့်အတူပျော်ရွင်စွာ ပါဝင်ဆင်နွဲကြကာပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ပြည်မြို့တွင် မဟာသင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၁၁) ဖွဲ့တို့၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒီသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကာ ရေကစားသူပြည်သူများအနေဖြင့် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်

ကိုဆက် (ပြန်/ဆက်)