မလှိုင်မြို့နယ်၌ ဆီထွက်သီးနှံများ မျှော်မှန်းပန်းတိုင်အထွက်နှုန်း ရရှိရေး  တောင်သူအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မလှိုင် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံများ မျှော်မှန်းပန်းတိုင်အထွက်နှုန်း ရရှိရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁ဝ) နာရီခွဲ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဦးစန်းယုက ဆီထွက်သီးနှံဖြစ်သည့် မြေပဲ နှမ်း၊ နေကြာသီးနှံမျှော်မှန်းပန်းတိုင် အထွက်နှုန်း ရရှိရေး တောင်သူ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဓိက သီးနှံ (၁ဝ) မျိုးတွင် ပါဝင်သည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများကို မျှော်မှန်း အထွက်နှုန်း ရရှိအောင် မဖြစ်မနေ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း မြေပဲကို အနည်းဆုံး (၅၆) တင်း၊ နှမ်းကို (၁၂) တင်း နေကြာကို (၂၅) တင်း ထွက်ရှိအောင် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် တောင်သူများ လိုအပ်ချက်များ၊ နည်းပညာများ၊ သင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်၍ အခက်အခဲများကို တင်ပြပေးရန် ဖိတ်ခေါ်ပြောကြားခဲ့သည်။

ထို့နောက်‌ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဦးအာကာစိုးက မြေပြင်ယာပြုပြင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူများအနေဖြင့် အခက်အခဲများရှိပါက မိမိတို့ဌာနမှ စိုက်ပျိုးရေးနည်းပညာများနှင့်ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဆက်လက်၍ မျိုးစေ့တာဝန်ခံ ဒေါ်ဝင်းဝင်းခိုင်မှ မျှော်မှန်းအထွက်နှုန်း ရရှိနိုင်သည့် မျိုးစေ့များကို ညွှန်ပြပေးပို့သွားမှာဖြစ်ပြီး တောင်သူလက်ဝယ်တွင် မျိုးကောင်းမျိုးသန့်များ မရှိပါက စိုက်ပျိုးရေးဦးစီးဌာနမှ ရှာဖွေပေးသွားမှာဖြစ်ကြောင်း၊ ပိုးမွှား တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဝင်မြင့်သိန်းက ပိုးမွှားရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ရောဂါပိုး ကျရောက်ပါက ဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို အကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မလှိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးရာသီ၌ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများကို မျှော်မှန်းအထွက်နှုန်းရရှိရေး မြေပဲအထူးဇုံ(၂၁၀၀၀) ဧက ၊ နှမ်းအထူးဇုံ (၈၄၀၀၀)ဧက ၊ နေကြာအထူးဇုံ မိုး၊ ဆောင်း(၇၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဆိုပါ အထူးဇုံများတွင် တောင်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် နည်းပညာများ စိုက်နည်း စနစ်များ၊ မျိုးကောင်းမျိုးသန့်များ ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူအသိပညာပေး ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့မ၊ နှောကန်၊ မှရိုးရှေ့တန်းစခန်းမှ ဆီထွက်သီးနှံစိုက် တောင်သူများ စုစုပေါင်း အင်အား (၈၅) ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)