ကျောက်ဖြူ မတ် ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ မြို့မအားကစားဘောလုံးကွင်းတွင် အခမဲ့ ဖွင့်လှစ်ပြသလျက်ရှိကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
“ကျွန်မတို့ အခုလို နွေရာသီအခြေခံအားကစားသင်တန်းတွေကို ဖွင့်လှစ်ပြသပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးတွေဟာ ကျောင်းပိတ်ရက်ရှည်အချိန်တွေကို အလဟသ မကုန်ဆုံးစေတော့ဘဲ အားကစားဘက်တွေကို စိတ်ပါဝင်စားလာမယ်၊ မြို့နယ်အတွင်းမှာ ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေဖြစ်လာမယ်၊ မြို့နယ်ကတစ်ဆင့်ခရိုင်၊ ခရိုင်ကတစ်ဆင့် ပြည်နယ်၊ ပြီးတော့ နိုင်ငံကိုယ်စားပြုတဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေ ဖြစ်လာကြမယ်”စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပြသခြင်းဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူဝေက ပြောကြားသည်။
ထိုသို့ဖွင့်လှစ်ပြလျက်ရှိရာတွင် ကရာတေးဒို၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ပြေးခုန်ပစ် စသည့် အခြေခံအား ကစားနည်းသင်တန်းများကို သင်တန်းနည်းပြဆရာ၊ ဆရာမများက အနီးကပ်ကြီးကာ စနစ်တကျပြသလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များက စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိသည်။ ယင်းအပြင် အဆိုပါ အားကစား သင်တန်းများကို ဖေဖော်ဝါရီ(၂၆)ရက်နေ့မှ မတ်လ(၂၆) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)