လှည်းကူးမြို့နယ်တွင် လှိုင်သာယာဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး

လှည်းကူး ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် လှိုင်သာယာဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အခမဲ့ဆေးကုသပေးကြောင်းသိရသည်။

ထိုသို့ ဆေးကုသပေးရာတွင် လှိုင်သာယာဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများဦးဆောင်သည့်အဖွဲ့မှ အထွေထွေသမားတော်၊ ခွဲစိတ်အထူးကု၊ သားဖွားနှင့်မီးယပ်အထူးကု၊ ကလေးအထူးကု၊ အရိုးအထူးကု၊ မျက်စိအထူးကု၊ နား၊ နှာခေါင်းနှင့်လည်ချောင်းအထူးကု၊ သွားဖက်ဆိုင်ရာအထူးကု၊ အရေပြားအထူးကု၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးများတို့ကရောဂါဝေဒနာခံစားနေရသည့် ပြည်သူများအား သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးကုသပေးခဲ့ရာ အထွေထွေရောဂါ(၁၈၇)ဦး၊ ခွဲစိတ်ဝေဒနာရှင်(၁၁)ဦး၊ သားဖွားမီးယပ်(၁၆)ဦး၊ နားနှာ​ခေါင်း(၂၉)ဦး၊ မျက်စိရောဂါ(၁၆၆)ဦး၊ သွားရောဂါ(၃၀)ဦး၊ ကလေး(၉)ဦး၊ အရိုးအကြော(၉၈)ဦး၊ အရေပြား(၂၈)ဦး၊ စုစုပေါင်း(၅၇၄)ဦး လွှဲပြောင်းကုသရန်လိုအပ်သူ(၃၉)တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးသည်။

အဆိုပါ ဆေးကုသပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်နှင့် တာဝန်ရှိသူများတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)