မြစ်ကြီးနား ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လတ်တလောဖြစ်ပွားသည့် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် တာလောကြီး၊ ရွှေညောင်ပင်၊ အောင်မြင်(၁)ကျေးရွာအုပ်စုများမှ နေ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ သွားရောက်တွေ့ဆုံ ထောက်ပံ့ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံ လီဆူခရစ်ယာန်အသင်းဘုရားကျောင်းခန်းမ၌ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုနှင့် ခေါင်ဖူးရွာသစ်ကျေးရွာအုပ်စုတို့မှ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသော မိသားစုများအား မိမိတို့အနေဖြင့် လိုအပ်သည့် နေထိုင်စားသောက်မှုများ အဆင်ပြေစေရေး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့အားလုံးက စည်းစည်းလုံးလုံးဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက အိမ်ထောင်စု (၇၀)စု၊ လူဦးရေ ၂၉၆ ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန် (၆) ပြည်ပါ အိတ် (၇၀)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၇၀)နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လူဦးရေ (၂၉၆)ဦးတို့အတွက် ဆန်ရိက္ခာ (၁)လစာအတွက် ထောက်ပံ့ငွေကျပ် (၂၆၆၄၀၀၀)တို့ဖြင့် ဆန်ရိက္ခာနှင့် ငွေသား စုစုပေါင်း ၅၂၁၉၀၀၀ ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ တိမ်းရှောင်မိသားစုများကိုယ်စား သိက္ခာတော်ရ ဆရာဆာမူခီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆုတောင်းဆက်ကပ်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့ ရပ်ကွက်(၄)အတွင်းရှိ လီဆူနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ၌ မြို့နယ်အတွင်းရှိ အောင်မြေ (၁)ကျေးရွာအုပ်စုနှင့် ရွှေညောင်ပင်ကျေးရွာအုပ်စုများမှ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်ကြောင့် မြို့ပေါ်ရပ်ကွက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများသို့ ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိမ်းရှောင်အိမ်ထောင်စု (၂၃၇)စု၊ လူဦးရေ (၇၇၀)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်စုစုပေါင်း (၉၄)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၂၇၁)ဖာတို့နှင့် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက လူဦးရေ (၇၇၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ ကျပ် ၆၉၃၀၀၀၀ ဖြင့် စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး (၁၉၅၁၈၅၀၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ သိက္ခာတော်ရဆရာတော်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိမ်းရှောင်အိမ်ထောင်စုများက လမ်း၊ တံတား၊ သောက်သုံးရေလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များက တိမ်းရှောင်မိသားစုများအတွက် မုန့်များကို လိုက်လံဝေငှခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)