မိုးညှင်း ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ကြရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုသန်း ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူ တစ်အိမ်တက်ဆင်းကွင်းဆင်း၍ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီးလောင်မှုဖြစ်ပွားလာနိုင်သည့်အကြောင်းအရင်းများ၊ မီးလောင်မှုမဖြစ်ပေါ်လာစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားကြပြီးနောက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိမိနေအိမ်များအတွင်း ရေသိုလှောင်ထားရှိမှု၊ မီးချိတ်၊ မီးကတ်၊ သဲ၊ ရေပုံများ၊ မီးသတ်ဆေးဗူးများထားရှိနိုင်ရန်၊ လျှပ်စစ်ဝါယာကြိုးများမှတစ်ဆင့် အပူလွန်ကဲ၍ မီးလောင်မှုမဖြစ်ပေါ်လာစေရန် စနစ်တကျသုံးစွဲနိုင်ရေးနှင့် မီးကြွင်းမီးကျန်များ မကျန်ရှိစေရန် အထူးဂရုပြု အလေးထားဆောင်ရွက်ကြရန်စသည့် မီးဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များကို ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်း၍ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း