တွေ့ဆုံမေးမြန်း- ခင်ရွှေဝါဖူး (ပြန်/ဆက်)
ဓာတ်ပုံ - ကိုဆက်၊ ကိုစိုး
မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်သည် “ဝါ” ထွက်ရှိမှု အားကောင်းသော ခရိုင်တစ်ခု ဖြစ်သည့်အလျှောက် “ဝါ” စိုက်ပျိုးပြီး “ဝါပင်” မှ ထွက်ရှိသော “ဝါဂွမ်း” ဖြင့် ဘက်စုံသုံး ဂွမ်း၊ ပတ်တီးအမျိုးမျိုးနှင့် ကျန်းမာရေးအထောက်အကူပြု ဆေးဂွမ်းများအား ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ပထမဆုံးဖြန့်ဖြူးရောင်းချလျက်ရှိသော ပြည်မြို့မှ Y2K ဂွမ်းလုပ်ငန်းမှာ ဈေးကွက်အတွင်း အောင်မြင်လျက်ရှိကြောင်း တွေ့ရသည်။
လူတို့၏ ကျန်းမာရေးအပါအဝင် လူသုံးကုန်အဖြစ် များစွာအသုံးဝင်လှသော ဂွမ်းကို အကြမ်းထည်အဆင့်မှသည် သန့်စင်ပြီး ဆေးရုံသုံး ဆေးဂွမ်းများအဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံးထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပုံ၊ ၎င်းတို့၏ကုန်ပစ္စည်းများအား မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးအတွက်သာမက ပရဟိတလုပ်ငန်းများတွင်ပါ ကူညီထောက်ပံ့ခဲ့မှုများ၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ Y2K ဂွမ်းလုပ်ငန်းမှ မန်နေဂျာ ကိုဇာနည်နှင့် တွေ့ဆုံမေးမြန်းထားမှုအား တင်ပြလိုက်ရပါသည်။
မေး။ Y2K အမှတ်တံဆိပ် စတင်ပေါ်ပေါက်လာပုံကို အရင်ဆုံးသိပါရစေ။
ဖြေ။ Y2K အမှတ်တံဆိပ် အမည်ပေးဖြစ်တာကတော့ Year 2000 မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့အတွက် အဲဒါကိုအစွဲပြုပြီး Y2K ဆိုပြီး ထုတ်လုပ်ဖြစ်တာပါ။ ဒီလုပ်ငန်းဟာ မိသားစုလုပ်ငန်းဖြစ်တဲ့အတွက် ဆက်ပြီးလုပ်ကိုင်ဖြစ်တာပါ။
မေး။ ဝါကုန်ကြမ်းများကို ဘယ်မြို့နယ်ကနေ ဝယ်ယူအသုံးပြုပါသလဲရှင့်။
ဖြေ။ ဟုတ်ကဲ့ပါ။ ဝါကုန်ကြမ်းကိုတော့ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ကနေ ဝယ်ယူပါတယ်ခင်ဗျာ။ ဝါကြီးကနေ စတင်ဝယ်ယူပြီး အဲဒီကနေတဆင့် ချည်မျှင်ရှည်ဝါနဲ့လည်း လုပ်ငန်းဆောင်ရွက်ပါတယ်။
မေး။ Y2K အမည်နဲ့ ပစ္စည်းအမျိုးအစား ဘယ်နှမျိုး ထုတ်လုပ်ပါသလဲရှင့်။
ဖြေ။ Y2K အမည်နဲ့ ဂွမ်းနဲ့ ပတ်တီးများ ထုတ်လုပ်ပါတယ်။ ပစ္စည်းအမျိုးပေါင်း အနေနဲ့ကတော့ လူတိုင်းဝယ်ယူအသုံးပြုနိုင်တဲ့ ဈေးနှုန်းများဖြစ်တဲ့ ငွေ ၁၀၀ ကျပ် (တစ်ရာကျပ်) မှစ၍ ငွေတစ်ထောင်နီးပါးအထိ ဘက်စုံသုံးနဲ့ ဆေးရုံသုံးဂွမ်းများ ထုတ်လုပ်ထားပါတယ်။
မေး။ ဝါကုန်ကြမ်းကနေ သန့်စင်ပြီး ဆေးဂွမ်းများ ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ရှင်းပြပါအုံးရှင့်။
ဖြေ။ ပထမအဆင့်အနေနဲ့ ဝါကုန်ကြမ်းများကို အစေ့ထုတ်ပြီး ဖွရပါတယ်။ ပြီးရင် ပေါင်းအိုး (Boiler) ထဲမှာ Caustic နဲ့ ထည့်ပေါင်းလိုက်တဲ့အခါမှာ Caustic က အစေ့တွေကော အမှုန်၊ အမွှားတွေကော စားသွားပါတယ်။ အချိန်အားဖြင့် အနည်းဆုံး (၈) နာရီကြာအောင် ပေါင်းပေးရပါတယ်။ စုပ်ယူမှုအားကောင်းတဲ့ သန့်စင်ပြီး ဆေးဂွမ်းများရရှိအောင် အချိန်ကြာကြာ ပေါင်းပေးရပါတယ်။ ဒုတိယအဆင့်အနေနဲ့ ပေါင်းပြီးသား ဂွမ်းများကို လျှော်စက် (Washing Machine) ဖြင့် ရေဆေးသန့်စင်ပြီး ပိုးသတ်ဆေး (Rational Powder) နဲ့ အဖြူပြန်ချွတ်ပါတယ်။ နောက် တတိယအဆင့်အနေနဲ့ ရေခါပြီး ရေနွေးငွေ့စက် (Dryer) နဲ့ အခြောက်ပြန်ခံပါတယ်။ စတုတ္ထအဆင့်အနေနဲ့ကတော့ အခြောက်ခံပြီးသား ဂွမ်းဖတ်များကို ဂွမ်းဖွစက်နဲ့ ပြန်ဖွတဲ့အခါမှာ အစေ့တွေ ပြုတ်ကျလာပါတယ်။ ပဉ္စမအဆင့်အနေနဲ့ ဖွပြီးသား ဂွမ်းများကို ဂွမ်းလုံးဗိုင်းငင်စက် (Cotton Ball) နဲ့ ဂွမ်းဖြတ်စက် (Auto Cutter) ပေါ်တင်ပေးပြီးရင်တော့ ဖြူဖွေးသန့်စင်တဲ့ ဆေးဂွမ်းတွေကို ရရှိပါပြီ။ နောက်ဆုံး အဆင့်ကတော့ ထုတ်ပိုးခြင်း (Packaging) လုပ်ပြီးရင်တော့ စတင်ဖြန့်ဖြူး ရောင်းချ လို့ရပါပြီ။
မေး။ စက်ရုံက ထုတ်လုပ်တဲ့ ဝါဂွမ်းများကို ဘယ်နေရာဒေသတွေကို ပို့ဆောင်ဖြန့်ဖြူးပါသလဲ။
ဖြေ။ ကျွန်တော်တို့အနေနဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းများကို ဖြန့်ဖြူးပို့ဆောင်ပေးပါတယ်။ အခြားတိုင်းဒေသကြီးတွေမှာ ဂွမ်းထုတ်လုပ်မှုတွေ ရှိပေမယ့်လည်း ထုတ်လုပ်ပုံ အရည်အသွေးချင်းတွေ မတူညီကြတဲ့အတွက် အမှာစာတွေကတော့ ဆက်တိုက်ရှိနေပါတယ်။
မေး။ ဂွမ်းထုတ်လုပ်ရာမှာ ထွက်ရှိလာတဲ့ အလေအလွင့်ဂွမ်းတွေကို ဘယ်လိုနေရာတွေမှာ ပြန်လည်အသုံးချပါသလဲ။
ဖြေ။ အလေအလွင့်ဂွမ်းတွေကလဲ တန်ဖိုးရှိပါတယ်။ ပစ်ပယ်လို့မရပါဘူး။ ခေါင်းအုံး၊ ဖက်လုံးနဲ့ အရုပ် ရောင်းတဲ့သူတွေက လာဝယ်ပြီး ပြန်အသုံးပြုကြတာ များပါတယ်။
မေး။ စက်ရုံအတွင်း တစ်စုံတစ်ရာ မီးဘေးအန္တရာယ်မဖြစ်ပေါ်အောင် ထိန်းသိမ်းမှုအကြောင်းကိုလည်း သိရှိပါရစေ။
ဖြေ။ ဟုတ်ကဲ့ပါ။ ဂွမ်းဟာ မီးလောင်လွယ်တဲ့ လောင်စာတစ်မျိုးဖြစ်တယ်။ စက်ရုံရဲ့ စက်အပူရှိန်တွေ ဂွမ်းကိုမကူးစက်အောင် လုံခြုံမှုစနစ်တွေဖြစ်တဲ့ Auto Alarm စက်များထားရှိခြင်း၊ မီးသတ်ဆေးဗူးများ လုံလောက်စွာထားရှိခြင်းတို့အပြင် စက်ရုံလုပ်သားဝန်ထမ်းတွေကို စက်ရုံအတွင်း လုံးဝဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ဖို့ စည်းကမ်းသတ်မှတ်ချက်များထားရှိပါတယ်။
မေး။ စက်ရုံစတင်လည်ပတ်စဉ်ကစပြီး လက်ရှိကာလအကြား ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရှိရင်လဲ ပြောပေးပါအုံး။
ဖြေ။ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကတော့ များပါတယ်။ စတင်ထူထောင်စဉ်တုန်းက စက်ပစ္စည်း၊ နည်းပညာတွေ မထွန်းကားသေးတော့ လူအင်အားနဲ့ဘဲ Manual သွားရတော့ အချိန်ကုန်ပါတယ်။ နောက်ပိုင်း သုံးနှစ်လောက်ကြာမှ ငွေကြေးလည်ပတ်မှုနဲ့ နည်းပညာလဲလေ့လာ၊ စက်ပစ္စည်းများလဲ တိုးချဲ့လာနိုင်တဲ့အတွက် အချိန်ကုန်သက်သာစွာ run လာနိုင်လာတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားဆဲ ကာလတုန်းကဆိုရင် ဖုန်းနဲ့မှာယူတဲ့ အမှာစာတွေ အများကြီးရှိပေမယ့်လည်း သွားပြီးမပို့နိုင်တဲ့အခါမှာ ငွေပြန်အမ်းရတာမျိုးတွေရှိခဲ့ပါတယ်။ အခုလက်ရှိကာလမှာတော့ စက်ရုံပုံမှန်လည်ပတ်လာနိုင်ပြီး ဖြန့်ဖြူးရောင်းချရတာ အဆင်ပြေပါတယ်။ ဒီထက်ပိုပြီး စက်ပစ္စည်းများ စုံလင်အောင် ဖြည့်တင်းပြီး အဆင်မြှင့်တင်ဖို့လည်း ကြိုးစားနေရပါတယ်။
မေး။ Y2K ကုန်ပစ္စည်းများဟာ အများပြည်သူအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်ရှိတယ်လို့ ထင်မြင်ယူဆပါသလဲ။
ဖြေ။ အများပြည်သူအနေနဲ့ ဂွမ်းကိုဘက်စုံအသုံးပြုလို့ရသလို ဆေးရုံ၊ ဆေးခန်းများမှာ မရှိမဖြစ် အသုံးပြုရပါတယ်။ ကျွန်တော်တို့ Y2K အနေနဲ့ မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေးအတွက်သာမကဘဲ ပရဟိတအဖြစ်ပါ လိုအပ်တဲ့နေရာတွေမှာ ကူညီလှူဒါန်းမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ မီးဘေး၊ သဘာဝဘေးဖြစ်ပွားပြီး ထိခိုက်မှုဖြစ်ပွားသူတွေကို တဖက်တလမ်းကနေ ကူညီကယ်ဆယ်ခွင့် ရတဲ့အတွက်လဲ ဒီလုပ်ငန်းကို လုပ်ကိုင်ရကျိုးနပ်တယ်လို့ နှလုံးသွင်းထားပါတယ်။
မေး။ မြန်မာနိုင်ငံရဲ့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အစိုးရအနေနဲ့ Y2K တို့ကို ကူညီပံ့ပိုးပေးမှု အပိုင်းကိုလည်း သိရှိပါရစေ။
ဖြေ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ Y2K ဟာ မိသားစု တစ်နိုင်တစ်ပိုင် လက်ငုပ်လက်ရင်း လုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်။ စတင်လုပ်ကိုင်စဉ်က ရိုးရာဗိုင်းငင်စက်၊ ချည်ပေါင်းစက်၊ မီးဖိုဖြင့် ရေနွေးငွေ့ပေါင်းစက် စတာတွေနဲ့ သမရိုးကျ လုပ်ကိုင်ခဲ့ရာမှ ယခုအခါ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအဖြစ် နိုင်ငံတော် အစိုးရက ကိုယ်ပိုင်မိရိုးဖလာ လုပ်ငန်းလေးတွေကို အားပေးမြှင့်တင်ပေးတဲ့အနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ MSME ချေးငွေ ကျပ်သိန်း ၃၀၀ ကိုလည်း ချေးယူရရှိထားပြီး စက်ရုံအတွက် လိုအပ်နေသေးတဲ့ စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းနိုင်ခဲ့ပါတယ်။ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ့်ဒေသရဲ့ ထွက်ကုန်တွေကို ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လန်းလာမှာ ဖြစ်ပါတယ်။
မေး။ အခြားဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောပေးပါအုံး။
ဖြေ။ ကျွန်တော်တို့နိုင်ငံမှာ ယခုလို MSMS ကဏ္ဍဖွံ့ဖြိုးဖို့ဆိုရင် လုပ်ငန်းလုပ်ငန်းသူများ အများကြီးပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်စီးပွားရေးမြင့်မားပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းများကိုလည်း အများပြည်သူရဲ့ အရေးပေါ်ကျန်းမာရေး ကိစ္စရပ်တွေမှာ လိုအပ်ခဲ့ရင် လှူဒါန်းပေးသွားပါ့မယ်။
ကိုဆက်(ပြန်/ဆက်)