ကရသူရိ နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံ ပြည်သူများသည် နှစ်ရှည်အုန်းပင်အစား အုန်းချိုမွှေး(ယိုးဒယား)အုန်းကို အများဆုံးစိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အုန်းချိုမွှေးအုန်းသီး ဈေးကောင်းရ၍ စိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိသည်။
အုန်းချိုမွှေး(ခေါ်)ယိုးဒယား အုန်းသီးသည် လူကြိုက်များသည့်အတွက် အဓိကစိုက်ပျိုးလာခြင်းဖြစ်ရာ နှစ်အနည်းငယ်အတွင်း ဝင်ငွေရရှိသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အုန်းချိုမွှေး တစ်ပင်ကို ၉၅၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ၃နှစ်ကြာလျှင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ လက်ရှိအုန်းချိုးမွှေးအသီး တစ်လုံးလျှင် (၁၀၀၀)ကျပ်ရရှိပြီး ဒေသအတွင်းရှိ အုန်းရည်ဆိုင်နှင့်မုန့်ဆိုင်များက လာရောက်ဝယ်ယူလျက်ရှိကြောင်း စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
အဆိုပါ အုန်းချိုမွှေး အုန်းသီးသည် အနံ့၊ အရသာနှင့်ပြည့်စုံ၍ လူကြိုက်များသည့်အတွက် စားသုံးသူများလာခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းတို့ကြောင်း ရောင်းအားကောင်းနေ၍ စိုက်ပျိုးသူလည်းများပြားလာကြောင်းနှင့် နှစ်ရှည်အုန်းပင်စိုက်ပျိုးသူနည်းပါးကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)