ရန်ကုန် နိုဝင်ဘာ ၁၉
တစ်ကမ္ဘာလုံးရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရက်သတ္တပတ်ကို ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်မှု ရက်သတ္တပတ် Global Entrepreneurship (GEW) အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ကွန်ယက်ချိတ်ဆက်မှုအခွင့်အလမ်းများအတွက် Global Entrepreneurship (GEW) ကိုကျင်းပပြုလုပ်လေ့ရှိသည်။
စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဂုဏ်ပြုသည့်အနေဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အများစုနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN)နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် Global Entrepreneurship (GEW) WEEK 2023 ''Thriving in Uncertainty'' အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမတွင် ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ''ယနေ့မျက်မှောက်ခေတ်ကာလမှာ အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်၊ စီးပွားရေးအခြေအနေအရဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးအခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်လာတဲ့အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ပြီး လုပ်ကိုင်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့စီးပွားရေးလမ်းကြောင်းပေါ်ရောက်ရှိနိုင်မှာဖြစ်ပါတယ်၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လိုအပ်တဲ့ နည်းပညာ၊ အရည်အချင်းများပိုင်ဆိုင်ထားပြီး အတွေ့အကြုံဗဟုသုတများကို မျှဝေပေးနိုင်မယ့် ယခုလိုအရည်အသွေးပြည့်ဝတဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးက ရင့်ကျက်ပြီးအတွေ့အကြုံပြည့်ဝတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များနဲ့အတူ ကုန်သည်စက်မှုအသင်းချုပ်တို့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက် သွားကြပါမယ်'' ဟု အမှာစကား ပြောကြားခဲ့သည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုလှဟန်၊ နာယက ဒေါ်ခင်စန်းရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်လင်းလင်းတင်ထွန်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော်တို့က စွန့်ဦးတီထွငလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အမှာစကားများ အသီးသီးပြောကြားခဲ့သည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN)ကို စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် အဓိကလမ်းညွှန်မှု ပေးနိုင်သည့် ဦးဆောင်အဖွဲ့အစည်းတစ်ခုအနေဖြင့် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန်ဟူသော မျှော်မှန်းချက်ဖြင့် ၂၀၂၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)သည်လည်း ကုန်သည်စက်မှုအသင်းချုပ်၏လမ်းညွှန်မှုနှင့်အညီ ၂၀၁၂ခုနှစ်မှာတည်ထောင်ခဲ့ပြီး အသင်းချုပ်၏ ညီနောင်အသင်းများဖြစ်ကြသည် Panel Discussion တွင် ကမ္ဘာအနှံ့ပြောင်းလဲနေသည့် စီးပွားရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီလေ့လာပြီး လိုအပ်သည့် တစ်ထောင့် တစ်နေရာက ကူညီပံ့ပိုးပေးရန်အတွက် ချဉ်းကပ်ရမည့် လုပ်ကိုင်နည်းများ၊ လက်တွေ့ကျ ဖြေရှင်းခြင်းများကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) ဒုတိယဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ၊ အသင်းသားများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အောင်မြင့်(ပြန်/ဆက်)