မိုင်းရှူးမြို့ရှိ နမ့်ပန်ချောင်းတံတား တည်ဆောက်ပြီးစီးပြီဖြစ်၍ ဖြတ်သန်းခွင့်ပြု

မိုင်းရှူး  အောက်တိုဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းနောင်-မိုင်းရှူးလမ်းပေါ်ရှိ နမ့်ပန်ချောင်းကို ဖြတ်၍ တည်ဆောက်ထားသည့်အမှတ် (၂/၇၉)၊ နမ့်ပန်ချောင်းတံတား (မိုင်းရှူး) တည်ဆောက်ပြီးစီးပြီဖြစ်၍ စက်တင်ဘာ ၃၀ ရက်နေ့မှ ဖြတ်သန်းသွားလာ ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားသည် သံကူကွန်ကရစ် အမျိုးအစား၊ သံမဏိသံဘောင်ရက်မ၊ သံကူကွန်ကရစ် ကြမ်းခင်းဖြစ်ကာ အရှည် (၁၃၀)မီတာ၊ ခန်းဖွင့်အကျယ် (၃၅မီတာ ၁ခန်း) + (၆၀မီတာ၁ခန်း) + (၃၅မီတာ၁ခန်း)၊ ယာဉ်သွားလမ်း အကျယ် (၈.၅) မီတာ၊ လူသွားလမ်းတစ်ဖက်(၁.ဝ)မီတာ၊ တံတားကင်းလွတ်နယ် အကျယ်(၅၀)မီတာ၊အမြင့် (၄)မီတာရှိပြီး၊ တံတား ခံနိုင်ဝန် (၇၅) တန် (ယာဉ်တစ်စီးချင်း) ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

နမ့်ပန်ချောင်းတံတားကို တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၂)၊ ရွှေညောင်မှ တာဝန်ယူ တည်ဆောက်ခဲ့ကာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ လုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ရာ စီမံကိန်း တန်ဖိုး မှာ ကျပ်(၃၃ဝဝ.ဝဝ) သန်းဖြစ်ကြောင်း သိရသည်။

ယခင် အသုံးပြုသည့် နမ့်ပန်ချောင်း တံတား(မိုင်းရှူးကြိုးတံတား)သည် နှစ်ကာလကြာမြင့်လာ သည်နှင့်အမျှ သဘာဝ ရာသီဥတုဒဏ်များကြောင့် ရေရှည်တွင် ကုန်သည်စီးဆင်းမှုနှောင့် နှေးမှုများ ဖြစ်လာနိုင်သဖြင့် တံတား သစ် တည်ဆောက်ရေး ဆောင်ရွက်ရခြင်းဖြစ်ကာ ယခုအခါ နမ့်ပန်ချောင်း တံတားအသစ် တည်ဆောက်ပြီးစီးပြီ ဖြစ်၍ မိုင်းရှူးမြို့နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်ရာတွင် များစွာ အထောက် အကူ ပြုစေမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)