ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ဖရုံ(ကွာစေ့) စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း

ညောင်ဦး အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် (ကွာစေ့) ဖရုံစိုက်တောင်သူများ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းမှု ကောင်းနေကြောင်း ကျောက်စစ်ကန်ကျေးရွာ (ကွာစေ့)ဖရုံစိုက်တောင်သူ ဒေါ်တင်မာအေးက ပြောကြားသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် (ကွာစေ့)ဖရုံ စိုက်ပျိုးခြင်းအား နှစ်စဉ်နှစ်တိုင်း ဝါဆိုလတွင်း ယာမြေထဲတွင် ကြဲပက်စိုက်ပျိုးကြကြောင်း သိရပြီး နှမ်းနှင့်သော် လည်းကောင်း၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့နှင့်ရောကာ ကြဲပက် စိုက်ပျိုးထားကြောင်း အသီးနုချိန်တွင် ပိုးတီ(စီ)ရစ်ကာ ဖရုံချဉ်လုပ်သိပ်ထားပြီး ညောင်ဦး‌ဈေး၊ ငါ့သရောက်ဈေး၊ တောင်ဇင်းဈေးတို့တွင် ရောင်းချခြင်း၊ အသီးနုခူး ရောင်းချကြကြောင်း ဒေါ်တင်မာအေးက ရှင်းပြသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးသည့် (ကွာစေ့)ဖရုံအား အခြားဒေသများတွင် ဖရဲသီးဟုခေါ်သော်လည်း ကျေးလက်တောင်သူများမှာ ဖရုံဟုသာ ခေါ်ကြောင်း၊ ဖရုံသီးရင့်မှည့်ချိန် အစေ့သာယူပြီး အသားနှင့် အခွံအား နွားစာ အဖြစ် အသုံးပြုကျွေးကြောင်း သိရသည်။ ယခုနှစ်တွင် ဖရုံစေ့တစ်တင်း သုံးသောင်းငါး ထောင်ကျပ် ရောင်းချရပြီး ဈေးနှုန်း ဆက်လက် တက်နိုင်ကာ တောင်သူအချို့ ဈေးတက်ချိန်မှ ရောင်းချကြပြီး ငွေလိုအပ်သည့် တောင်သူများ အစေ့ထုတ် နေလှန်းကာ ချက်ခြင်း ရောင်းချခြင်းများလည်း ရှိကြောင်း သိရသည်။

ဒီပါလင်း