နောင်ချို အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သန့်ရှင်း လတ်ဆတ်သော ကြက်ဥများ စားသုံးနိုင်စေရန်၊ ကြက်ဥစားသုံးခြင်းဖူလုံမှုရှိစေရန်နှင့် မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် စီးပွားဖြစ် CPဥစားကြက်မျိုးများ ကောင်ရေ (၂၀၀၀) ကျော် မွေးမြူထားသော ပါဟတ်ရပ်ကွက်နေ မွေးမြူရေးလုပ်ကိုင်သူလုပ်ငန်းရှင် ဒေါ်သန်းသန်းထွေး၏ ဥစားကြက် မွေးမြူရေးခြံသို့ သွားရောက်တွေ့ဆုံမေးမြန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကြက်ခြံတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ CPဥစားကြက်မွေးမြူရေး လုပ်ငန်းအကြောင်းကို မွေးမြူရေးရေးကို စိတ်ပါဝင်စားသော ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ပါဟတ်ရပ်ကွက်နေ မွေးမြူရေးလုပ်ကိုင်သူ လုပ်ငန်းရှင် ဒေါ်သန်းသန်းထွေး၏ ဥစားကြက် မွေးမြူရေးခြံမှ ကြက်ခြံတာဝန်ခံ ကိုဝေယံကျော် နှင့် တွေ့ဆုံမေးမြန်း မှုများကို တင်ပြလိုက်ပါတယ်ရှင်-
မေး။ မောင်လေးရဲ့နာမည်လေးနဲ့ ဒီကြက်ခြံမှာ ဘာတာဝန်တွေဆောင်ရွက်ပေးတယ်ဆိုတာ ပြောပြပေးပါဦးရှင့်။
ဖြေ။ ကျွန်တော်နာမည်ကတော့ ကိုဝေယံကျော်ဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ ဒီကြက်ခြံမှာ တာဝန်ခံ အဖြစ် ဆောင်ရွက်နေပါတယ်ခင်ဗျာ။
မေး။ မောင်လေးတို့ကြက်ခြံမှာ ကြက်ကောင်ရေဘယ်လောက်မွေးမြူထားပြီး ဘယ်အရွယ်ကစပြီး မွေးမြူထားပါသလဲရှင့်။
ဖြေ။ ကျွန်တော်တို့ကြက်ခြံမှာ ကြက်ကောင်ရေ(၂၀၀၀)မွေးမြူထားတယ်ခင်ဗျ။ ဥစားကြက်တွေကို ၁၆ပတ်သားအရွယ်ကစပြီး တစ်ကောင်ကို ငွေကျပ် ၁၄၀၀၀/-နှုန်းနဲ့ဝယ်ယူ မွေးမြူထားပါ တယ်ခင်ဗျာ။
မေး။ ကြက်တွေကိုအစာကျွေးတဲ့အခါဘယ်လိုကျွေးမွေးရတယ်ဆိုတာ ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ကျွန်တော်တို့ကြက်တွေကို အစာကျွေးတဲ့အခါတစ်နေ့ကို(၃)ကြိမ် ကျွေးပါတယ်ခင်ဗျ။ မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းဆိုပြီး (၃) ကြိမ်ကို ကျွေးရမယ့်စားရမယ့်သဏ္ဍာန် အတိုင်းချိန်ပြီးတော့ ကျွေးပါတယ်ခင်ဗျ။
မေး။ ရာသီအကူးအပြောင်းမှာ ကြက်တွေဖြစ်ပွားတတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကုသမှု ပေးရလဲဆိုတာကို ပြောပြပေးပါဦးရှင့်။
ဖြေ။ ရာသီအကူးအပြောင်းမှာဆိုရင်တော့ ကျွန်တော်တို့ ကြက်အငယ်ကာလမှာ ဆေးကို စုံစုံလင်လင် လုပ်ခဲ့မယ်ဆိုရင်တော့များသောအားဖြင့်တော့ ကြက်ကရောဂါမဖြစ်ဘူးဗျ။ အငယ်ကာလမှာ ဆေးဝါးကို မှန်မှန်ကန်ကန် မလုပ်ဘူးခဲ့ဘူးဆိုရင်တော့ ရောဂါလေးတွေ ဖြစ်တာမျိုးလေးတွေရှိတယ်။
ဖြစ်လို့ရှိရင်လည်း ဘေးခြံတွေကိုလည်း လိုက်ပြီးစုံစမ်းရတာပေါ့နော်။ သူတို့ခြံမှာ ရောဂါ လက္ခဏာတွေ ကိုယ့်ခြံမှာဖြစ်တာနဲ့တူလား တူလို့ရှိရင် သူတို့နဲ့အတူတူညှိနှိုင်း ပြီတော့မှ ဆေးပေးတာလေးတွေ ရှိတယ်ခင်ဗျ။
မေး ယခုလက်ရှိဒေသမှာ ကြက်ဥပေါက်ဈေးနှုန်းလေးနဲ့ ဈေးကွက်အခြေအနေလေးလည်း ပြောပေး ပါဦးရှင့်။
ဖြေ။ ကြက်ဥဈေးကတော့ လောလောဆယ်အနေအထားကတော့ အတက်အကျလေးတော့ ရှိတယ်ခင်ဗျ။
ပုံမှန်ဆိုလို့ရှိရင်တော့ ငွေကျပ် ၅၉၀၀နဲ့ ၆၀၀၀ကြားမှာ ငြိမ်နေတယ်ခင်ဗျ။
မေး။ ဥစားကြက်တွေ မွေးမြူထားတဲ့အပေါ်ဘယ်လိုအကျိုးအမြတ်တွေ ရရှိခဲ့တယ် အဲ့ဒီအကျိုးအမြတ်တွေ ရရှိခဲ့ပြီးတဲ့နောက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲလေးတွေကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ ဥစားကြက်တွေကို အခုမှစပြီးမွေးတာဖြစ်တဲ့အတွက် အရင်းအနှီးကျေအောင် ဆပ်နေရတဲ့ ကာလဖြစ်သေးတယ်ခင်ဗျ။ အကျိုးအမြတ်အနေနဲ့က ကြက်ကောင်ရေ(၂၀၀၀)မှာ ၁၀သိန်း ကနေ ၁၈သိန်း ကြားထဲလောက်တော့ ဝင်ငွေအနေနဲ့ရှိတယ်ခင်ဗျ။ ကြက်မွေးမြူရေး လုပ်ကိုင်ဖို့အတွက် နိုင်ငံတော်က ချေးငွေတွေချေးပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေစွာ လုပ်ကိုင်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျ။
နောင်ချိုမြို့နယ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်သည်နှင့်အညီ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသည့် မွေးမြူရေးလုပ်ငန်းရှင်များသည် မိသားစုအတွက် ဝင်ငွေများ တိုးပွားလာသည်သာကာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်း အထောက်အကူဖြစ်စေသည့် CP ဥစားကြက် မွေးမြူရေးလုပ်ငန်းအကြောင်းကို ရိုက်ကူး၍ Online မှတဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားဒေသတွင်း လုပ်ကိုင်သည့် လုပ်ငန်းများအကြောင်းကို ဆက်လက်ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)