ဖားကန့် အောက်တိုဘာ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံနှင့် ဖားပြင်ကျေးရွာကြား မက်လင်ချောင် မျောချောင်း၌ အရွယ်အစား ကြီးမားသောကျောက်စိမ်းရိုင်း ဒုတိယအကြိမ်တွေ့ရကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်းရိုင်းကို ကျောက်တူးဖော်နေသူ လူတစ်စုက နေ့ခင်းကတည်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ်ဖို့ အခက်အခဲဖြစ်နေရာမှ လှည့်ကင်းလုံခြုံရေးရဲတပ်ဖွဲ့က တွေ့ရှိ သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့မှ ကျောက်စိမ်းရုံး တာဝန်ရှိသူများက အကြမ်းဖျင်း တန်ဖိုးတွက်ချက်ကာ နစ်နာကြေးငွေ ပေးသွားရန် ကနဦးညှိနှိုင်းထားကြောင်း ဒေသအခေါ်-ဂျော်ကီ (ဝိုင်းကူထမ်းသယ်ပေးပြီး အစုရှယ်ရာ ရယူသူ) ရေမဆေးကျောက်ရှာသူများထံမှ သိရသည်။
ဝှေခါမှော်၌ တွေ့ရှိရသည့် ကျောက်စိမ်းရိုင်းသည် ကျောက်မျိုးမမှန်ကြောင်း ဝေဖန်မှုများရှိသော်လည်း ယခုနေရာတွင် တွေ့သည့်ကျောက်စိမ်းရိုင်းမျိုးမှာ သက်တမ်းရင့်ကြောင်း ဒေသခံရေမဆေးများက ပြောကြားသည်။ ကျောက်စိမ်းရိုင်းကို ကနဦးစတွေ့သူ ရေမဆေးကျောက်ရှာသူ ကိုကျော်စိုးနိုင် က"ကျွန်တော်တို့ လေးယောက်တူးရှာကြရာက စတွေ့တာပါ၊ စတွေ့တုန်းက ပိဿချိန် နှစ်ရာလောက်ပဲ၊ ဖော်ရင်း ဖော်ရင်းနဲ့ အလုံးကြီးလာတာ"ဟု ပြောပြသည်။
"ရေမဆေးတွေက ခက်ခက်ခဲခဲရှာကြရတာ ခုလိုခက်ခဲနေချိန်ကျ သူတို့ရသင့်တာလေးပေးရင်တော့ ကောင်းတာပေါ့"ဟု ဖားပြင်ကျေးရွာ ရပ်မိ/ရပ်ဖ ဦးနော်တောင်က ပြောသည်။ လက်ရှိ ကျောက်စိမ်းရိုင်းအား ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)သို့ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဖြင့် သယ်ဆောင်သွားခဲ့ပြီး ကျောက်စိမ်းရုံးမှ တန်ဖိုးဖြတ်အဖွဲ့က တန်ဖိုးတစ်စုံတစ်ရာဖြတ်ပေးကာ ကျောက်တွေ့သူနှင့် ရေမဆေး-ဂျော်ကီများအား ဆုကြေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)