ရွာငံမြို့နယ်တွင် စျေးကွက်ဝင် Medicinal Marigold ပန်းများစမ်းသပ်စိုက်ပျိုး

ရွာငံ သြဂုတ် ၂၃

Medicinal Marigold ပန်းများကို မြောက်အမေရိကတိုက်တွင် စတင်စိုက်ပျိုးကြပြီး မျိုးစိတ်ပေါင်း ၅၀ မျိုးအနက် စီးပွားဖြစ်စိုက်ပျိုးသည့် မျိုးစိတ်မှာ ၅ မျိုးရှိသည်။

Medicinal marigold ပန်းပွင့်အရောင်မှာ အဝါရောင်၊ အနီရောင်နှင့် လိမ္မော်ရောင်ရှိပြီး ယခုစမ်းသပ်စိုက်ပျိုးသည့် အမျိုးအစားမှာ လိမ္မော်ရောင်ရှိသော Medicinal Marigold ပန်းအမျိုးအစားကို ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ တောကျယ်ကျေးရွာ တောင်သူဦးဖိုးရွှေက စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။

အဆိုပါ Medicinal Marigold ပန်းများကို ပျိုးဘောင်မှ ပျိုးထောင်ပြီး အပင်အမြင့် ၄-၆ လက်မခန့်ရှိသောအခါ စိုက်ခင်းထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးကြရသည်။ ထိုသို့စိုက်ပျိုးရာတွင် မြေခံအဖြစ် နွားချေးနှင့်ဘိုကာရှီမြေဆွေးများကို ထည့်သွင်းပြီးပင်ကြားတန်းကြား ၃ ပေ ၁ ပေထား၍ စိုက်ပျိုးကြသည်။ တစ်ဧကကိုအပင်ဦးရေ တစ်သောင်းခွဲခန့် စိုက်ပျိုးနိုင်ပြီး အပင်အားဆေးအဖြစ် အာမို၊ တီဆူပါ၊ ပိုတက်စ်မြေသြဇာများကို အချိုးကျကျွေးရသည်။ ရွှေ့စိုက်ပြီး တစ်လခွဲနှစ်လသားအရွယ်တွင် ပန်းများစတင်ပွင့်၍ ခူးဆွတ်ကြသည်။ အပင်အရွယ်အစားနှင့် အပွင့်အရေအတွက်ပေါ်မူတည်၍ တစ်လလျှင် လေးကြိမ်နှင့်အထက်ခူးဆွတ်ရကြောင်းနှင့် ပန်းပွင့်တစ်ပိသာလျှင် ၄၅၀ ကျပ်​ဖြင့် ပြန်လည်ရောင်းချကြကြောင်း စိုက်ပျိုးတောင်သူပြောပြချက်အရ သိရသည်။

ပြည့်ဖြိုးသန့်