မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် ဘွဲ့အသီးသီးရရှိပြီး အောင်မြင်ခဲ့သည့် ဓမ္မစကူးလ် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြချီးမြှင့်ပွဲ သထုံမြို့၌ကျင်းပ

သထုံ ဇူလိုင် ၁၇

ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် တစ်နိုင်ငံလုံး၌ အကောင်းဆုံး တတိယဆု၊ စတုတ္ထဆုတို့နှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့၊ ဗုဒ္ဓဝံသဒီပလိုမာဘွဲ့၊ဂုဏ်ထူးအောင်၊ ရိုးရိုးအောင်မြင်မှုများရရှိခဲ့ကြသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှ ဓမ္မစကူးလ်ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ ရွှေစာရံစေတီတော် ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရှေးဦးစွာ အခမ်းအနား အား နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲကို ကြည့်ရှုတွေ့မြင်ရသည်မှာ ခက်ခဲနက်နဲသည့် မေးခွန်းများ အကြောင်းအရာများဖြစ်ပါကြောင်း ၎င်းတို့ကိုဖြေဆို အောင်မြင်၍ ယခုကဲ့သို့ ထိပ်တန်းအကောင်းဆုံးဆုများ ရရှိခဲ့ကြသည်မှာ သင်ကြားသည့်ဆရာတော်နှင့် သင်ယူသူတို့၏ ထက်သန်သော သဒ္ဒါ၊ ဆန္ဒ၊ ဝီရိယတို့ကို အထူးဂုဏ်ပြုပါကြောင်း ယခုလူငယ်မောင်မယ်များသည် ၎င်းဓမ္မအသိ ဉာဏ်များကြောင့် လိမ္မာယဉ်ကျေးသော၊ အသိတရားမြင့်မြတ်သော၊ လောကအတွက် ကောင်းကျိုးသယ်ပိုးနိုင်သော အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ယခုကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိပ်ဆုံးအဆင့်ဆုများရရှိပြီး မွန်ပြည်နယ်၏ဂုဏ်ကိုဆောင်ပေးခဲ့ကြသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လေးလေးနက်နက် ဂုဏ်ပြုအပ်ပါကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က တစ်နိုင်ငံလုံး တတိယဆုရရှိခဲ့သည့် မောင်ထာဝရထွန်း၊ တစ်နိုင်ငံလုံးဆဋ္ဌမဆုရရှိသည့် မဇူးသက်ချို၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့(အလယ်တန်းအဆင့်)ရရှိကြသည့် ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူ(၆)ဦးနှင့် ဗုဒ္ဓဝံသ ဒီပလိုမာဘွဲ့(အကြီးတန်းအဆင့်) ကျောင်းသား ကျောင်းသူ(၈)ဦးတို့အား ဂုဏ်ပြုဆု‌၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ လပ်ခံရယူကြပြီး ဆုရရှိသူများကိုယ်စား တစ်နိုင်ငံလုံး တတိယဆု ရရှိခဲ့သည့် မောင်ထာဝရထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်