ညောင်ဦး ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ (၁၃)ရာစုက နရသီဟပတေ့ကောင်းမှုတော် နရသီဟပတေ့ဘုရားရှိ (၁၃)ရာစုမင်စာများနှင့် ဗုဒ္ဓဝင်ခန်းများကို လေ့လာနိုင်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရသီဟပတေ့ဘုရားသည် နရသီဟပတေ့မင်းကြီး ကောင်းမှုတော်ဖြစ်ပြီး အေဒီ ၁၃ ရာစုတွင် တည်ထားခဲ့သော အရှေ့ဘက်မုခ် လှည့် ကွမ်းတောင်ပေါက်ထားသည့် ကြီးမားသော နှစ်ထပ်လိုဏ်ဂူဘုရားဖြစ်ပြီး ဂူဘုရား အပြင်ဘက် မုခ်ဦးဝင်ပေါက် စိန်တန်းထောင့်ပန်းများတွင် လှပသော အင်္ဂတေပန်းလက်ရာများ၊ စဉ့်ကွင်းများဖြင့် အလှအပအဖြစ် တန်ဆာဆင်ထားသည်ကို့ လေ့လာတွေ့ရှိနိုင်သည်။ ဂူဘုရားအတွင်းအောက်ခြေတွင် မင်စာများနှင့်တကွပါရှိသော ဗုဒ္ဓဝင်ခန်းများ၊ ဗုဒ္ဓဝင်ရှစ် ခန်းသရုပ်ဖော် နံရံပန်းချီများဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရှိလေ့လာနိုင်သည်။ နှောင်းခေတ်တွင် ရေးထိုးထားသော အလှူမှတ်တမ်းမင်စာများလည်း လေ့လာနိုင်မည်ဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူ များထံက သိရသည်။
နရသီဟပတေ့ဘုရား၏ အရှေ့ဘက်တွင် မင်းနန်းသူဘုရားသုံးဆူ၊ သမ္ဘူလဘုရား၊ တောက်ဘက်တွင် လေးမျက်နှာဘုရား၊ အနောက်ဘက်တွင် ပြဿဒ်ကြီးဘုရားနှင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို တည်ထားမှုပုံစံအမျိုးမျိုးတို့ကို ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း