ညောင်ဦး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ ဂေါတမဘုရားရှင်၏ ဆံတော်များ ဌာပနာထည့်သွင်း တည်ထားသည့် ရွှေဆံတော်စေတီတော်အားဖူးမြှော်ပြီး ရွှေဆံတော်စေတီတော်ကြီး တည်ထားပုံ ဗိသုကာ လက်ရာများကို လေ့လာနိုင်ကြောင်းသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဆံတော်စေတီတော်ကြီးကို အနော်ရထာမင်းကြီးသည် (၁၀၅၇) ခုနှစ်တွင် ပစ္စယာငါးဆင့်နှင့် နတ်လမ်း လှေကားလေးသွယ်ပါသော ရွှေဆံတော်စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြောင်းသိရကာ ရာမညဒေသ မွန်တို့နိုင်ငံမှ ပင့်ဆောင်ရရှိ လာသော ဂေါတမဘုရားရှင်၏ ဆံတော်များကိုဌာပနာသွင်း တည်ထားကိုးကယ်ခဲ့ကြောင်း ရွှေဆံတော်စေတီတော်ကို မဟာပိန္နဲဘုရားဟုလည်း ခေါ်ဝေါ်ကြကြောင်း၊ မူလကပစ္စယာ အဆင့်ဆင့်တွင် မြေမီးဖုတ်ငါးရာ့ငါးဆယ် ဇာတ်ကွက်များဖြင့် သရုပ်ဖော် တန်ဆာဆင်ထားရှိကြောင်း ယခုအခါအလှူရှင်တို့ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများကြောင့် ဗိသုကာလက်ရာအချို့၊ ဇာတ်ကွက်ရုပ်ကြွနှင့်ရုပ်တုများ ပျက်စီး သွားသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ရွှေဆံတော်စေတီတော်၏ အရှေ့ဘက်ကပ်လျှက်တွင် ပြည့်ငါးပြည့်တွင် တစ်ဆူအပါအဝင်ဖြစ်သော ဆုတောင်းပြည့် ဆင်းတုတော်နှင့် စေတီတော်၏ အနောက်ဘက်ကပ်လျှက် လျောင်းတော်မူရုပ်ပွားတော်ကြီးကိုလည်း ဖူးမြှော်လေ့လာနိုင်မည် ဖြစ်သည်။
ရွှေဆံတော်စေတီတော်ကြီး၏ မြောက်ဘက်တွင် လောကထိပ်ပန်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ အနောက်ဘက်တွင် လောကအုတ်သျှောင် ဘုရား၊ တောင်ဘက်တွင် တာမဏီသိမ်ကျောင်းဘုရားနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှုပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း