ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုထိုးသားများဘုရားရှိ မယ်တော်မာယာဖွားတော်မူခန်း၊ ဘုရားလောင်းတောထွက်ခန်းနှင့် ဆံပါယ်ခန်းနံရံဆေးရေးပန်းချီများကို လေ့လာနိုင်

ညောင်ဦး  ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရောက်ရှိချိန် ပုထိုးသားများဘုရားရှိ မယ်တော်မာယာဖွားတော်မူခန်း၊ ဘုရားလောင်း တောထွက်ခန်းနှင့် ဆံပါယ်တော်ခန်းနံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ပုထိုးသားများဘုရားသည် အေဒီ ၁၁ ရာစုလက်ရာ ပုဂံခေတ်ဦးပိုင်း အာရုံခံအရှေ့ မုခ်လှည့်အပေါ် တွင် စေတီပုံပေါက်ဘုရားဖြစ်ပြီး ပုထိုးသားများဘုရားကို တောင်သူကြီး မင်းတည်သော ပုထိုးငါးလုံးတွင် တစ်လုံးအပါအဝင်ဟုယူဆရကြောင်း၊ စောလူးမင်းလက် ထက်ဖြစ်နိုင်သည်ဟုလည်း ယူဆရကြောင်း၊ ပုထိုးသားများဘုရားဟုခေါ်တွင်ရခြင်းမှာ အပေါ်တွင်ပေါက်ထားသော ပုထိုးပုံများကို ပစ္စယာစိန်တန်းနှင့်စေတီရံထောင့်များ၌ အင်္ဂတေဖြင့် သရုပ်ဖော်ထားသော ပုထိုးငယ်လေးများမှာ မူလကအတန်းလိုက်ရှိခဲ့သည်ကို ရည်ရွယ်၍ အမည်မှည့်ခဲ့ခြင်းဖြစ်ကြောင်း၊ မယ်တော်မာယာဖွားတော်မူခန်း၊ ဘုရားအလောင်းတောထွက်ခန်း၊ ဆံပါယ်ခန်း စသည့်ဗုဒ္ဓဝင်ခန်းများကို အကွက်ကြီးများဖြင့် နံရံဆေးရေးပန်းချီများရေးဆွဲထားတာကို လေ့လာတွေ့ရှိနိုင် ကြောင်းသိရသည်။ ပုထိုးသားများဘုရား၏ ထူးခြားချက်မှာ အတွင်းတံကဲများတွင် တန်ဆာဆင်ထားသော အင်္ဂတေပန်းလက်ရာများ၊ အုတ်အင်္ဂတေဆင်းတုနှင့် အဂ္ဂသာဝကနှစ်ဦးပုံတော်တို့ကို လည်းထူးခြားစွာဖူးမြှော်လေ့လာနိုင်ကြောင်းသိရသည်။

ပုထိုးသားများဘုရား၏ အနောက်ဘက်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ ကန်တော့ ပလ္လင်ဘုရား၊ မြောက်ဘက်တွင် အောင်မြေကုန်းနန်းတော်ရာ၊ အရှေ့ဘက်တွင် နတ်းလှောင်း ကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ မဟာစေတီဘုရား၊သဗ္ဗညုဘုရားနှင့်တောင် ဘက်တွင် ဆင်များ ရှင်ဘုရားတို့အား တဆက်တစ်စပ်တည်းဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း