ညောင်ဦး ဇွန် ၇
မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ဟောင်းရှိ ဗုဒ္ဓစာပေများထားရှိသော ပိဋကတ်တိုက်သို့ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
ပိဋကတ်တိုက်သည် ဗုဒ္ဓစာပေများထားရှိသော စာကြည်တိုက်ဟု အဓိပ္ပာယ်ရပြီး အေဒီ ၁၀၅၈ ခုနှစ်တွင် အနော်ရထာမင်းသည် သထုံပြည်ကို စစ်အောင်နိုင်ခဲ့ပြီး သယ်ဆောင် လာခဲ့သည့် ပိဋကတ်သုံးပုံတို့ကို ထားရှိရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ခရစ်နှစ် ၁၇၈၃ ခုနှစ်တွင် ဘိုးတော်မင်းတရားသည် အသစ်တဖန် ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရသည်။ အဆောက်အအုံ၏ ဗိသုကာလက်ရာ ထူးခြားချက်မှာ အမိုးအဆင့် ငါးဆင့်ဖြင့် ယင်းအထက်တွင် ထုပိကာထားရှိသည့် သစ်သားပြဿဒ်ပုံ သဏ္ဍာန်ကို အုတ်ဖြင့် သရုပ်ဖော် တည်ဆောက်ထားရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ အမိုးစွန်းချင်းမိတ်တိုး ထောင့်များတွင် ဒေါင်း၏ ရင်အုပ်သဏ္ဍာန် အင်္ဂတေဒုရင်ပန်းများဖြင့် မွမ်းမံခြယ်လှယ်ထား သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံမြို့ဟောင်းရှိ ပိဋကတ်တိုက်၏ မြောက်ဘက်တွင် သရပါတံခါး၊ ရွှေကွန်ခြာဘုရား၊ ဝဋ်ကြွေးတော်ဘုရား၊ အရှေ့ဘက်တွင် အာနန္ဒာဘုရား၊ တဘက် ကျဘုရား၊ တောင်ဘက်တွင် သဗ္ဗညုဘုရား၊ ဆင်များရှင်ဘုရား၊ ဂရို့ချိုးဘုရား၊ အနောက်တောင်ဘက်တွင် နတ်လှောင်းကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများ ဘုရား၊ အနောက်ဘက်တွင် သံတော်ကြားဘုရား၊ နန်းဦးဘုရား(ခေါ်) ရွှေဂူကြီးဘုရားနှင့် အောင်မြေကုန်းနန်းတော်တို့အား တဆက်တစပ်တည်း ဖူးမြှော်လေ့လာနိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း