လိပ်သိုမြို့တွင် မက်ခါပျိုးပင်များကို စီးပွားဖြစ်ပျိုးထောင်ရောင်းချသူများ အဆင်ပြေ

လိပ်သို မေ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်၍  ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင် လျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် မက်ခါသီးများကို ထုတ်ပိုး၍ ရောင်းချခြင်းသာမက ယခုအခါ အစေ့မှ အပင် ပျိုးထောင်ကာ စီးပွားဖြစ် ရောင်းချသူများလည်းရှိကြောင်း သိရသည်။

မက်ခါပျိုးပင်သည် မိုးများခြင်း၊ ရေဝပ်သည့် နေရာကို ကြိုက်နှစ်သက်မှုမရှိဘဲ ကုန်းမြင့်​ဒေသတွင်သာ ဖြစ်ထွန်းလေ့ရှိပြီး အစေ့ပျိုးထောင်ချိန်မှ အပင်ပေါက် ချိန်အထိ တစ်လဝန်းကျင် ကြာမြင့်ကြောင်း၊ စိုက်ပျိုးပြီး ၃ နှစ်မှ သာလျှင် အသီးသီးကြောင်း၊ မက်ခါသီးများသည် တစ်နှစ်လျှင် သုံးကြိမ်သီး၍ နောက်ဆုံးအကြိမ် သီးသောအသီးကို မျိုးယူကာ အပင်ပြုစုပျိုးထောင်ရကြောင်း သိရသည်။

မက်ခါသီးများကို ဒေသနေပြည်သူများ ကြိုက်နှစ်သက်သဖြင့် စိုက်ပျိုးလိုသူများ ပေါများကြောင်း၊  မက်ခါပျိုးပင် အရွယ်အစားပေါ် မူတည်၍ (၂၀၀ဝိ/−) ကျပ်မှ (၅၀၀ဝိ/−) ကျပ်အထိ ရောင်းချရကြောင်း၊ ပျိုးပင်များကို မြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများသာမက တောင်ငူမြို့၊ ရန်ကုန်မြို့၊ သံတောင်မြို့မှ စိုက်ပျိုးလိုသူ များက အိမ်အရောက် လာရောက်ဝယ်ယူကြကြောင်း အုတ်ဖိုရပ်ကွက်နေ မက်ခါပျိုးပင်ရောင်းချသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)