လားရှိုး မေ ၂၃
မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက်ဖြစ်သည့် စိန်တစ်လုံးသရက်သီးများ လားရှိုးမြို့ရှိ သစ်သီးဈေးကွက်တွင် အရောင်းအဝယ်ကောင်းလျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့တွင် စိန်တစ်လုံးသရက်သီး တစ်ဖာလျှင် သုံးသောင်းငါးထောင်ကျပ်ထိ ဈေးရှိပြီး သရက်သီး ပျမ်းမျှအလုံးရေ ငါးဆယ်လုံးခန့်ပါရှိကြောင်း သိရသည်။
“ကျွန်တော်တို့က မန္တလေးဘက်ကနေ လားရှိုးမြို့ကို သရက်သီးလာရောင်းကြတာပါ။ နှစ်စဉ်နှစ်တိုင်း လားရှိုးမြို့မှာ သရက်သီး လာရောင်းပါတယ်။ တချို့နှစ်တွေမှာတော့ လောက်ကိုင်ဘက်မှာလည်း သွားရောင်းဖူးတယ်။ လောက်ကိုင်ဘက်မှာ ရောင်းရတာ အမြတ်များပေမယ့် အခုလို လမ်းဘေးတွေမှာ ရောင်းလို့မရဘူး။ ကျွန်တော်တို့အနေနဲ့ လောက်ကိုင်လိုမြို့မှာ ဆိုင်ခန်းငှားပြီးတော့လည်း မရောင်းနိုင်ဘူးလေ။” ဟု မန္တလေးဘက်မှ သရက်သီးလာရောင်းချသူတစ်ဦးက ပြောသည်။
လားရှိုးမြို့သို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ ဟံမြင့်မိုရ်၊ မြစ်သား ဒေသထွက် သရက်သီးများ အများအပြား လာရောက်ရောင်းချကြပြီး ယခုနှစ်တွင် သရက်သီးပေါ်ချိန်ဖြစ်သည့် မေလအတွင်းတွင် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် သရက်သီး ကြွေကျပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးကြသည့် စိန်တစ်လုံးသရက်သီးများကို တရုတ်နယ်စပ်မြို့များဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိနေကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)