မောက်မယ် မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသထွက်သဘာဝလိုင်ချီးသီးများ မေလအတွင်း လှိုင်လှိုင်ပေါ်ထွက်ရှိလာတော့မည်ဖြစ်သဖြင့် လိုင်ချီးသီးစျေးနှုန်းမှာ ယခင်နှစ်တွင်တစ်ပိဿာ ၄၀၀၀ကျပ်မှ၅၀၀၀ကျပ် စျေးဖွင့်ပြီး ယခုနှစ်တွင် ၉၀၀၀ကျပ်မှ၁၀၀၀၀ကျပ် စျေးဖွင့်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။
လိုင်ချီးသီးသည် အရည်ရွမ်းသောအသီးဖြစ်ပြီး မရင့်မှည့်သေးသည့် အသီးမှာစိမ်းနေပြီး ရင့်မှည့်သည့်အသီးသည် အနီရောင်သန်းလာပြီးနီရဲလာသည်။ လိုင်ချီးသီးသည် ကယ်လစီယမ်များစွာပါဝင်သောကြောင့် အေး၍ချိုမြသောအရသာနှင့် အချဉ်ဓာတ်အနည်းငယ်သာပါရှိသဖြင့် လူတိုင်းကျန်းမာရေးနှင့် ညီညွတ်ပြီး ဆေးဖက်ဝင်သည့် အာဟာရဓာတ်လဲရရှိကာ မောက်မယ်ဒေသထွက် သဘာဝလိုင်ချီးသီးများ ဇွန်လအတွင်း အနယ်နယ်အရပ်ရပ်မှကားများဖြင့် လာရောက်ရောင်းဝယ် သယ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ရာသီသီးနှံစိုက်ပျိုးမည့်အစား နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ရှောက်ချို ၊ လိမ္မော်၊ သံပုရာ၊ လိုင်ချီး၊ သရက် စသည့်သီးနှံများ စျေးနှုန်းကောင်းစွာရရှိသဖြင့် ရေကောင်းစွာရရှိသော ဥယျဉ်ခြံမြေများ၌ တွင်တွင်ကျယ်ကျယ်ပိုမိုစိုက်ပျိုးထားကြောင်း၊ ဒေသခံများက တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံဝန်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် လိုက်ချီးပင်များမှ အသီးများလှိုင်လှိုင်ပေါ်၍ ဆွတ်ခူးပြီး ထမ်းတောင်းတွင်းထည့်ကာ လှည့်လည်ရောင်းချကြပြီး အပိုဝင်ငွေရှာသည်မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)