ညောင်ဦး မေ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေး လာရောက်သည့်အခါ ငကျွဲနားဋောင်းဘုရားရှိ စဉ့်စိမ်းရောင် အုတ်များကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲထံက သိရသည်။
ငကျွဲနားဋောင်းဘုရားသည် သမိုင်းရာဇဝင်အရ AD-10 ရာစုတွင်တောင်သူကြီးမင်း တည်ထားသည်ဟုဆိုသော်လည်း AD-12 ရာစုတွင် တည်ဆောက်ခဲ့သည်ဟုလည်း ခန့်မှန်း ပြောဆိုကြကာ နားဋောင်းပုံသဏ္ဍာန်နှင့်တူပြီး ပုဂံပြည်တွင်ခွန်အားဗလနှင့် ပြည့်စုံ၍ ထင်ပေါ်ကျော်ကြားသည့် ပုဂံငကျွဲကိုအစွဲပြုကာ ဘုရားဘွဲ့တော်အား မှည့်ခေါ်ခဲ့ဟန် ရှိကြောင်း သရေခေတ္တရာရှိ ဘောဘောကြီးဘုရား၊ ဘုရားကြီး၊ ဘုရားမာဘုရားတို့နှင့်တူ ညီနေကြောင်း လေ့လာတွေ့ရှိရသည်။ စေတီတစ်ခုလုံးနီးပါး စဉ့်စိမ်းရောင်သုတ်အုတ် များဖြင့် တည်ဆောက်ထားကြောင်း ယခုအခါ အောက်ဘက်ပစ္စယံဆင့်များနှင့် ယင်းအထက်တွင် သပိတ်မှောက်အပေါ်ထပ်ပိုင်းသာ စဉ့်စိမ်းရောင်သုတ်အုတ်များ ကျန်ရှိနေပြီး ကျန်အပေါ်ပိုင်းတို့တွင် စဉ့်စိမ်းရောင် သုတ်အုတ်များ မကျန်ရှိတော့သည်ကို လေ့လာတွေ့ ရှိနိုင်မှာကြောင်း သိရသည်။
ငကျွဲနားဋောင်းဘုရား၏ အရှေ့ဘက်တွင် သဗ္ဗညုဘုရား၊နတ်လှောင်းကျောင်း၊ မြောက်ဘက်တွင် ရွှေဂူကြီးဘုရား၊ သံတော်ကြားဘုရားတဘက်ကျဘုရား၊ အာနန္ဒာဘုရား၊ ပိဋ ကတ်တိုက်၊ အနောက်ဘက်တွင် ပုထိုးသားများဘုရား၊ တောင်ဘက်တွင် ပုဂံနန်းမြို့ရိုးနှင့် ရှေးဟောင်းဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲတွင် ဘုရား၊စေတီ၊ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသောတည်ထားမှု ပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကို လေ့လာနိုင်သည်။
ဒီပါလင်း