မြစ်သား မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်က အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်မှု အန္တရာယ်မှပပျောက်ရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ရခြင်းကို ရှင်းလင်းပြီး မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင်ဒေါ်ထွန်းထွန်းမော်က အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုမရှိစေရေးအတွက် ကျား၊မ တန်းတူအခွင့်အရေးညီမျှ မှုရှိရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများ အခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့်လုပ်ငန်းစဥ်များ၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် မိမိတို့အဖွဲ့အနေဖြင့် ဆောင်ရွက်ရသည့်အသိပညာပေးလုပ်ငန်းများနှင့် ဘဝရပ်တည်မှုဆိုင်ရာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတို့ကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)