အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိတော်မူသော လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်အား  မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာကျင်းပ

မြိတ်   မေ   ၈

နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ် ချီးမြှင့်ခြင်းခံရသော တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော်ဩဝါဒါစရိယ ဖြစ်တော်မူသည့် နိုင်ငံတော်သြဝါဒါစရိယ လှည်းဘီးပရိယတ္တိ စာသင်တိုက် ဆရာတော်အရှင်သူမြတ်အား ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာကို စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့မှ  ယမန်နေ့ နေ့လယ်ပိုင်းက စေတီတော် ဗုဒ္ဓသာသနာ့ ဗိမာန်တွင် ကျင်းပခဲ့ကြသည်။

ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာကို ဆရာ‌တော် သံဃာတော်များ၊ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဧည့်ပရိတ်သတ်များက နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ်သတ် အပေါင်းတို့က အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် စေတီတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက် ဆရာတော်မှ သြဝါဒါကထာချီးမြှင့်ပေးပြီး ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို  သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဉာဏဝံသ စံကျောင်းဆရာတော်က ဖတ်ကြားပူဇော်သည်။ ဆက်လက် ၍ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တလာသန အရှင်သူမြတ်အား မြိတ်မြို့နယ် ဓမ္မစကြာအဖွဲ့များမှ ရှစ်လုံးဘွဲ့ကဗျာများဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစံရည် မှ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်များအား လေးကျွန်းဆီမီးစေတီတော်နှင့်မဟာသိဒ္ဓိဇယ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များက  လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ဘဒ္ဒန္တကေသရ ဘုရားကိုင်ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ပူဇော်ပွဲကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ် သိမ်းခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )