ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာပင်များ အောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည် မေ-၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည်သည် ရှေးယခင်ကတည်းကပင် ဆည်၊ မြောင်း၊ ချောင်းကန် ပေါများသည့် ဒေသဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်လျက်ရှိရာ ပင်တလယ်ကျေးရွာမှ တောင်သူဦးဆန်းဝင်း စိုက်ပျိုးထားရှိသော မျှားနီတံဆိပ် ပန်းမုံလာပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပန်းမုံလာတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျှားနီတံဆိပ်ဆိုလျှင် မျိုးထုပ်(၅)ထုပ် ပျိုးထောင်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခ (၇)သောင်းကျပ်၊ မျိုးစေ့ဘိုး (၃)သောင်းခုနှစ်ထောင်ငါးရာကျပ်၊ စိုက်ပျိုးစရိတ်နှင့် ပေါင်းမြက်ရှင်းခ (၁)သိန်းကျပ်၊ သွင်းအားစုများဖြစ်သည့် မြေဩဇာ(၅)သောင်းကျပ်၊ ဖျန်းဆေးကုန်ကျစရိတ် (၁)သိန်းနှစ်သောင်းကျပ်၊ စိုက်ခင်းရေသွင်းခြင်း (၃)သောင်းနှစ်ထောင်ကျပ်နှင့် အခြားလိုအပ်သည့် ကုန်ကျစရိတ် များထည့်တွက်ပါက စုစုပေါင်းကုန်ကျငွေ ကျပ်(၄)သိန်းခွဲ၊(၅)သိန်းခန့် ကုန်ကျကြောင်း ပန်းမုံလာပင်များသည် ရာသီဉတုဒဏ်နှင့် ပိုးမွှားအန္တရာယ် ကျရောက်ပါက ပျက်စီးမှု လွယ်သည့် သီးနှံတစ် တစ်မျိုးဖြစ်သောကြောင့် နေ့စဉ်ကြည့်ရှုရပြီး မိုးရွာမည့်အခြေအနေဆိုပါက အထူးဂရုစိုက်ရကြောင်း သိရသည်။

ပန်းမုံလာတစ်ဧက စိုက်ပျိုးထားပါက အပင်အရေအတွက် (၁)သောင်းနှစ်ထောင်ခန့် ဝင်ဆန့်သော်လည်း ရောင်းတန်ဝင်အနေဖြင့် အပင်အရေအတွက် (၈) ထောင်ခန့်သာ ရောင်းတန်းဝင်ရောင်းချရကြောင်း ရောင်းချရာတွင် ပန်းမုံလာဝယ်ယူမည့် ပွဲစားများက စိုက်ခင်းအထိ ဆင်းကာ ပန်းမုံလာတစ်ပင် (၂၀၀) ကျပ်နှုန်းဖြင့် စိုက်ခင်းပြတ် ဝယ်ယူကြကြောင်း ထို့ကြောင့် တစ်ဧက (၁၆)သိန်းကျပ်ခန့်ရရှိသောကြောင့် တောင်သူများ စိုက်ပျိုးသင့်သည့် သီနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)