မူဆယ် မေ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ဒေသခံပြည်သူများကို အသိပညာပေးခြင်းနှင့် Mask Campaingn ပြုလုပ်ဆောင်ရွက်ခြင်းကို အမှတ်(၂)စည်ပင်သာယာဈေးကြီးအတွင်းတွင် ယနေ့ နံနက်(၈း၀၀) အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ Mask Campaingn ပြုလုပ်ဆောင်ရွက်ရာတွင် မူဆယ်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းနှင့် ပရဟိတအသင်းအဖွဲ့များက ဒေသခံပြည်သူများ အများဆုံးစုဝေးရာ အမှတ်(၂) စည်ပင်သာယာဈေးကြီးအတွင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေးအချက်များအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ကြစေရန် လိုက်လံအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) အခုရေ(၁၀၀၀)အား ဈေးရောင်းဈေးဝယ်များနှင့် ဒေသခံမိဘပြည်သူများသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်းတွင်လည်း နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ၊ မျိုးကွဲအသစ် စတင်တွေ့ရှိပြီး ကူးစက်ပြန့်ပွားမှုများ တွေ့ရှိလာသဖြင့် မူဆယ်မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်ပိုင်(ပြန်/ဆက်)