သနပ်ပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

သနပ်ပင် ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် ဂရန်အင်းများ လေလံရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်လွင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ဂရန်အင်း လေလံတင် ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က မိမိတို့သနပ်ပင် မြို့နယ်အနေဖြင့် သားငါးကဏ္ဍဖွံဖြိုးတိုးတက်သည့်အတွက် အင်းလုပ်ငန်းလုပ်ကိုင်ရာတွင် အင်းသားကြီးများအနေဖြင့် ပိုမို၍ဂရုတစ်စိုက်လုပ်ကိုင်ပြီး လိုက်နာရမည့်စည်းကမ်းများကို သေချာစွာလိုက်နာကြရန် ရှင်းလင်းပြောကြားခဲ့သည်။

သနပ်ပင်မြို့နယ်အတွင်း ဂရန်အင်း (၂၇) အင်းရှိပြီး  (ပထမ) အကြိမ် အင်းလေလံတွင် ဂရန်အင်း (၂၃) အား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာ ဂရန်အင်း (၁၂) အင်း‌ ရောင်းချနိုင်ခဲ့၍ စုစုပေါင်း အင်းခွန်ငွေကျပ် သိန်းသုံးရာတစ်သိန်းတစ်သောင်းရရှိခဲ့ပြီး ယနေ့အချိန်ထိ စုစု‌ပေါင်းအင်းခွန်‌ငွေကျပ် သိန်းလေးရာသုံးဆယ့်‌လေးသိန်းတစ်‌သောင်း‌လေးထောင် နိုင်ငံတော်ဘဏ္ဍာငွေ ရရှိခဲ့ကြောင်း သိရသည်။

လှမိုး