ပျဉ်းမနား ဧပြီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းနှင့်အတူ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး စာရေးဆရာ ဆရာမများနှင့်ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်များနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်အကျိုးပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ခိုင်မင်း(နေပြည်တော်)က လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ခေါင်စဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ထို့နောက် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာခိုင်မင်း(နေပြည်တော်)၊ ရပ်ကွက်အတွင်းရှိ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးပြုသင်တန်းများ၊ အသိပညာပေးဟောပြောပွဲများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက် နေလျက်ရှိပါကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)