ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ ဧပြီ ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ကျောက်ဖြူမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ် ဆရာ/ဆရာများ၊ စီမံရေးရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကျောက်တစ်လုံး၊ IDP စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)သို့ ရောက်ရှိပြီးတာဝန်ရှိသူများနှင့် တွေ့ဆုံကာ  အစိုးရနည်းပညာ ကောလိပ် (ကျောက်ဖြူ)မှ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်ငြိမ်းက ကျောင်း၏ပညာသင်ကြားနေမှု အခြေအနေများ အင်ဂျင်နီယာ ပညာရှင်များမွေးထုတ်ပေးနေမှု၊ ပညာတော်သင်စေလွှတ်နေမှုနှင့် သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်၊ ကွန်ပျူတာခန်းမနှင့် စာသင်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (ကျောက်ဖြူ) ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ပညာတန်ဆောင်ခန်းမ၌  တာဝန်ရှိသူများနှင့် တွေ့ဆုံကာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီဝင်းက ကျောင်း၏အချက်အလက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏တည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက်နေကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ကထက်ပိုမိုပြီး ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သည် ဆရာဆရာမများကို မွေးထုတ်ပေးနေသည့် ကျောင်းတော်ကြီးဖြစ်သည့်အတွက် မျိုးဆက်သစ်ဆရာ ဆရာမများကို စေတနာထားပြီး စနစ်တကျသင်ကြားပေးစေလိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ပိုမိုရရှိ စေမည်ဖြစ်ကြောင်း၊ ကျောက်ဖြူမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးအားကောင်းသော မြို့နယ်တစ်ခု ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ယခင်ကထက် ပိုမိုအထွက်နှုန်းကောင်းမွန်နိုင်ရန်အတွက် မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများကို စည်းရုံးကာ စိုက်ပျိုးကြရန်လိုကြောင်း၊ ထို့အတူ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် သက်ဆိုင်ဌာနဆိုင်ရာများနှင့် စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ ကျောက်တစ်လုံး၊ IDP စခန်းသို့ရောက်ရှိပြီး အဆိုပါ စခန်းရှိနေအိမ်သစ်တည်ဆောက်ထားရှိမှု၊ စာသင်ကျောင်းနှင့် ဆေးပေးခန်းတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စခန်းပိတ်သိမ်းပြောင်းရွှေ့ရေးကော်မတီအဖွဲ့ဝင်များက လိုက်လံရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်နယ်(ပြန်/ဆက်)