မြဝတီဧပြီ ၂၀
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့က ၃၁၁ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအား ပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ က ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန် များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ မဲကနယ် အသွားအလာ ကန့်သတ်စောင့်ကြည့် ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၃၇ ဦး၊ အမျိုးသမီး ၇၄ ဦး စုစုပေါင်း ၃၁၁ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)