တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီ ဧပြီ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တနင်္သာရီမြို့နယ်၊ အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားရာတွင် စစ်အုပ်ချုပ်ရေးကာလ (၂) လအတွင်း အတွေ့အကြုံများ၊ စစ်ဆေးဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ ဝန်ထမ်းများက မိမိ (အပါအဝင်) သား/သမီးများအား pdf အကြမ်းဘက်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ပေးကြရန်နှင့် သင်္ကြန်ကာလမိမိရုံး၌ လုံခြုံရေးထားရှိရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးသတ်ဆေးဗူးများအသင့်ထားရှိရေး၊ ရှေးဟောင်းသမိုင်းဝင် မင်္ဂလာကန်အတွင်း ပြန်လည်မွမ်းမံ၍ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ပွား၍ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ် နိုင်ရေးအတွက် လမ်းညွှန် အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက နှစ်စဉ်နှစ်ဆန်းတစ်ရက်နေ့မှာ အသက် (၇၅) နှစ်အထက် ဘိုးဘွားရိပ်သာ (အပါအဝင်) ရပ်ကွက်အတွင်းနေ အဘိုးအဘွား (၁၆၄) ဦးတို့အား အစဉ်အလာမပျက် ပူဇော်ကန်တော့မည့် အစီအမံနှင့် မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆရာတော်/သံဃာတော် (၉) ပါးဖြင့် မြို့တွင်းသို့ ပရိတ်တရားတော်ရွတ်ပွားမည့် အစီအမံများနှင့် ဌာနဆိုင်ရာများအလိုက် ကုသိုလ်ပြု အလှူပါဝင်ပေးကြရန် ဆွေးနွေးမှာကြားပေးသည်။

ဆက်လက်၍တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်အတွင်း နေရပ်ပြန်မည့်ဝန်ထမ်းများစာရင်းနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးကြသည်။

ထို့နောက် အမှတ် (၂) စစ်နယ်မြေမှူးက ဌာနအလိုက်တင်ပြဆွေးနွေးမှုများနှင့် ပတ်သက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း