သုံးခွ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးနှင့်ပူးပေါင်းကာ "လူငယ်နှင့်မူးယစ်ဆေး ဝါးအန္တရာယ် " အသိပညာပေး (Talk Show) ကိုယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး လက်၀ယ်ထားရှိခြင်းနှင့်သုံးစွဲမိပါက ကျရောက်မည့်ပြစ်မှုပြစ်ဒဏ် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် သုံးခွမြို့မရဲစခန်းမှ ရဲအုပ်မင်းသိန်းက မူးယစ်ဆေးဝါး၏ အမျိုးအစားတွေ ကတော့ ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်တို့မှ သိပ္ပံနည်းပညာများဖြင့် ပြုလုပ် ထားသည့် အရာများဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကို သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးဟူ၍ နှစ်မျိုးရှိပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကတော့ စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ် လျော့နည်းလာခြင်း၊ လိင်စိတ်အားနည်းလာခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင့်ကြ မှုဖြစ်ပေါ်ခြင်းများ ဖြစ်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကတော့ AIDS ခေါ် ခုခံအားကျဆင်းမှုရောဂါဖြစ်ခြင်း၊ ဆေးလွန်သဖြင့် မိန်းမောစွာ အိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊ အခန့်မသင့် အသက်ဆုံးရှုံးခြင်း၊ ထုံနာ ကျင်နာ၊ အကြောသေ ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ်ရောဂါ ဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်းပြောကြားပြီး မူးယစ်ဆေးဝါးကို လူတစ်ဦးဦး၏ ကိုယ်ခန္ဒာ၊ နေအိမ်၊ ဥပစာ၊ ယာဉ်၊ များတွင်ထားရှိပါက ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့ များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စည်သူလင်း