စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

စဉ့်ကိုင် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍    လူထုအခြေပြုဗဟိုဌာန   Community Centre ခန်းမတွင်  ယမန်နေ့ နံနက်ပိုင်းက  မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ  Talk Show ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဒုတိယဦးစီးမှူး   ဒေါ်စန္ဒာအေးအောင်က မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဖြစ်စေ၊   ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်သူများ၊  ချို့ယွင်းချက်ရှိသူများ၊   ကိုယ်အင်္ဂါမသန်စွမ်းသူများ အမြင်အာရုံ မသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများ စသည်ဖြင့် မသန်စွမ်းသူအမျိုးအစားများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍    မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လတပ်ဖွဲ့မှူးဒေါ်နီနီက   မသန်စွမ်းသူများ၏     စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေးရန်နှင့်  ကာကွယ်စောင့်ရှောက်ပေးရန်အတွက်  နိုင်ငံတော်က အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ စကားဝိုင်းများနှင့် ဟောပြောပွဲများပြုလုပ်ခြင်း၊ အခါအားလျော်စွာထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိပြီး မသန်စွမ်းသူများသည် အများနည်းတူ ရင်ပေါင်တန်းနိုင်ရုံမျှမကပဲ အများထက်ပင် ထူးချွန်နိုင်သလို ကမ္ဘာကျော်လည်း ဖြစ်နိုင်သည်မှာ  အမှန်ပင်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)