သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများမှ စာဖတ်ဝိုင်းကျင်းပ

သုံးခွ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်း စာပေနှီးနှောဖလှယ်တတ် စေရန်ရည်ရွယ်၍  ယနေ့နံနက် (၉) နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို Club အဖွဲ့၀င်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ (Book club) အဖွဲ့၀င် ဒေါ်ရီရီအေးက ဦးဆောင်ဆွေးနွေးသူအဖြစ် "အောင်ပွဲနှင့်စည်းရုံးရေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုသည် အရည်အချင်း အရည်အသွေးမြင့်လျှင် မြင့်သလောက် အောင်မြင်မှုကြီးမားပါကြောင်း၊ ရည်မှန်းချက်တူ၊ ယုံကြည်ချက်တူ၊ ခံယူချက်တူညီကြသောလူအများ၏ စုပေါင်းအားသည် သာမန်အားဖြင့်ကြည့်လျှင် အပေါင်းလက္ခဏာဟု ထင်ရပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် (Women Club) အဖွဲ့၀င် ‌‌ ဒေါ်သင်းသင်းဝေက "စာအုပ်စာပေ" ခေါင်းစဉ်ဖြင့်ဆွှေးနွေးရာတွင် စာအုပ်စာပေထဲမှာ အသိပညာ၊ အတတ်ပညာ၊ ဘာသာရပ်မျိုးစုံ၊ အဘိဓာန်မျိုးစုံ၊ စွယ်စုံကျမ်းမျိုးစုံကို မိမိတို့ရှေ့က လူသားပညာရှိ ပညာရှင်ပေါင်းများစွာက ရေးသားပြုစုထားခဲ့ကြသဖြင့် မိုးကောင်းကင်ကြီးကဲ့သို့ စုံလင်လှပါကြောင်း စသည့်အကြောင်းအရာများကိုပြောကြားသည်။

ဆက်လက်၍ (Book club) အဖွဲ့၀င် မယမင်းသူက "အတန်းပညာက အဓိကမကျပါ" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ပညာဗဟုသုတကို ရှာမှီးဆည်းပူးလိုသော သင်ယူလိုစိတ်တော့ မဖြစ်မနေရှိဖို့ ပညာကိုလိုလားတန်ဖိုးထားလိုပါကြောင်း၊ တာ၀န်တစ်ခုခုယူရမည့်သူသည် အလျားသဘောရှိသော ပညာဗဟုသုတ ၀မ်းစာများနိုင်သမျှများရပါကြောင်း၊ အနံသဘောရှိသော ကိုယ်ကျင့်တရား (သီလ) စာရိတ္တကောင်းမွန်ရပါကြောင်း စသည့်စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြသည်။

သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယခုလိုဗဟုသုတရဖွယ် ပြည်သူများစာပေဖတ်ရှုလိုစိတ်ရှိစေရန်အတွက် စာဖတ်ဝိုင်းများစဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိရာ အသိပညာဗဟုသုတရဖွယ်စာအုပ် စာဆောင်များ ရေးသားသည့် စာအုပ်များနှင့် သုတ၊ ရသစာအုပ်များကို လာရောက်ငှား ရမ်းဖတ်ရှုနိုင်ပါကြောင်း၊ ထို့အပြင် အပတ်စဉ်ပြုလုပ်လျက်ရှိသည့် စာဖတ်ဝိုင်းများမှာလည်းပါ၀င်ဆွေးနွေးကြစေလိုပါသည်။

စာဖတ်ဝိုင်းဆောင်ရွက်မှုအပြီးတွင် မြို့နယ်ရုံးမှပြသထားသော သုတ၊ ရသ၊ စာအုပ်များနှင့် နံရံကပ်စာစောင်းများကို တက်ရောက်လာသော စာပေချစ်သူများမှ စိတ်ပါ၀င်စားစွာလေ့လာ့ကြည့်ရှုခဲ့ကြသည်။

စည်သူလင်း