ဒဂုံဆိပ်ကမ်း မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း အသိပညာပေး Talk Show ကိုပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီး စွမ်းဆောင်ရည်များ ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအား ဂုဏ်ပြုရေးနှင့်အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်သော်အေးက ကမ္ဘာတစ်ဝှမ်းတွင် အကြမ်းဖက်ခံရမှုများကို အမျိုးအစားခွဲခြားကြည့်လျှင် အကြမ်းဖက်ခံရနိုင်ခြေ (၅)မျိုးရှိပါကြောင်း ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ခံယူချက် အတွေးအခေါ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ