ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီးစေတီတော် စိန်ဖူးတော်နှင့် ရတနာခြယ်ငှက်မြတ်နားတော်တို့အား (၇)ရက်သားသမီးများ လှူဒါန်းမှုဖြင့် ပင့်ဆောင် ပူဇော်ပွဲ ကျင်းပ

တောင်ငူ မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့  ရှေဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီးစေတီတော် စိန်ဖူးတော်နှင့် ရတနာခြယ်ငှက်မြတ်နားတော်တို့အား (၇)ရက် သားသမီးများ လှူဒါန်းမှုဖြင့် ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်က တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ကိုးခန်းဂန္တဝင်သိမ်တော်ကြီးမှ မြတ်စောညီနောင် နောင်တော်ကြီး စေတီတော်သို့ ပင့်ဆောင်ပူဇော်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ (၇)ရက်သားသမီးများ လှူဒါန်းထားသည့် ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် ဘုရား နောင်တော်ကြီးစေတီတော်စိန်ဖူးတော်နှင့် ရတနာခြယ်ငှက်မြတ်နားတော်ကို နံနက်(၇) နာရီ မင်္ဂလာအချိန်တွင် တောင်ငူမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ကိုးခန်းဂန္တဝင်သိမ်တော်ကြီးမှ ဦးမှန်းလမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်းအတိုင်း မင်္ဂလာစည်တော်အဖွဲ့၊ သာသနာ့အလံကိုင် သားငယ်သမီးငယ်များ၊ သာသနာ့တံခွန်လုံးကိုင် သမီးငယ်များ၊ အောင်သပြေပန်းကိုင် လှပျိုဖြူများ၊ ဒေဝါဝင်းခင်းအဖွဲ့၊ ရာဇာဝင်းခင်းအဖွဲ့၊ ခရုသင်းအဖွဲ့၊ ရတနာစိန်ဖူးတော် ငှက်မြတ်နားတော်ပင့်ဆောင်ယာဉ်၊ ရတနာပုံဝင်းခင်းအဖွဲ့၊ အောင်သပြေပန်း ကိုင်ဆောင်သမီးငယ်လေးများအဖွဲ့နှင့် ဘုရားဂုဏ်တော်ဖွင့် တေးသံများသီဆိုပူဇော်သည့် မြန်မာသံစဉ် ဂန္တဝင်တေးသံရှင်များ အဖွဲ့ယာဉ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခံပြီး ရန်ကုန်-မန္တလေး စတီးလမ်းဆုံတွင် လမ်းလျှောက်ဝင်းခင်းအဖွဲ့များအား မော်တော်ယာဥ်များပေါ်တင်၍ စိန်ဖူးတော်နှင့် ရတနာခြယ်ငှက်မြတ်နားတော်ကို မြတ်စောညီနောင်ဘုရား၊ နောင်တော်ကြီးစေတီတော်သို့  ပင့်ဆောင်ပူဇော်ထားရှိကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် နောင်တော်ကြီးစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်သို့ တင်လှူပူဇော်ပွဲ၊ ရွှေထီးတော်၊ ငှက်ပျောဖူးတော်အား မျက်ပါးရွှေ ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အရံစေတီ တော်များ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနားအား မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ မတ်လ(၅)ရက် ၊ တနင်္ဂနွေနေ့ နံနက် (၉)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဦးဆောင်ဘုရားဒါယိကာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဇနီး ဒေါ်ဖြူဖြူသန့်တို့မှ (၇)ရက် သားသမီးများနှင့်အတူ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)