တပေါင်းလပြည့်နေ့ အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

သင်္ဃန်းကျွန်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်(၁၁)နာရီက တပေါင်းလပြည့်နေ့ အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်မှ တပေါင်းလဟာ မြန်မာ့ဆယ့်နှစ်လရာသီရဲ့ နောက်ဆုံးလဖြစ်ကြောင်း၊ တပေါင်းလရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့လို့လည်း ခေါ်ဆိုကြကြောင်း၊ ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးပြီး  အင်္ဂတိုင်းနဲ့ မဂဓတိုင်းသားတွေကို တရားဟောကြားတော်မူနေစဉ်  ခမည်းတော် သုဒ္ဒေါဒနမင်းကြီးဟာ ဘုရားရှင်ကို ပင့်ဆောင်ဖို့ အမတ် ၁ဝ ဦးကို ဦးဆောင်စေပြီး ရာဇဂြိုလ်ပြည်ကို စေလွှတ်ခဲ့ပါကြောင်း  ပင့်ဆောင်ဖို့သွားတဲ့ အဖွဲ့တစ်ဖွဲ့မျှ ကပိလဝတ်တိုင်းကို ပြန်လည်မရောက်လာကြဘဲ ဘုရားရှင်ရဲ့တရားတော်မြတ်ကို နာကြားပြီး ရဟန္တာအရှင်မြတ်တွေ ဖြစ်တော်မူသွားကြကြောင်း၊ အဲဒီနောက်မှာတော့ အမတ်ကြီး ကာဠုဒါယီမှ ရဟန္တာဖြစ်သွားတဲ့ ကာဠုဒါယီမထေရ်က တပေါင်းလရဲ့ သာယာကြည်နူးဖွယ်ကောင်းပုံကို ဂါထာနဲ့ သီကုံးဖွဲ့ဆိုကာ ကပိလဝတ်ကို ပြန်လည်ကြွမြန်းဖို့ လျှောက်တင်ခဲ့သဖြင့်  ဘုရားရှင်ဟာ ရဟန္တာပေါင်းနှစ်သောင်းခြံရံပြီး  တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှာ ဇာတိမြေကို ကြွချီတော်မူခဲ့ပါ‌ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် အကြီးတန်းစာရေး ဦးအောင်ဘုန်းမှ မြတ်စွာဘုရှားရှင်သည် ကပိလဝတ်ပြည်ကို ပြန်လည်ရောက်ရှိပြီးနောက် မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားခဲ့ပြီးနောက်  ခမည်းတော်သု‌ဒ္ဓေါဒန မင်းကြီးသည် အရိယာဝင်ခဲ့ကာ မိထွေးတော်ဂေါတမီကလည်း သောတပန်တည်ရုံမက ဘိက္ခုနီသာသနာ ထူထောင်ခွင့်ရခဲ့ပါကြောင်း၊ သားတော်ရာဟုလာလည်း ရှင်သာမဏေအဖြစ် ရောက်ခဲ့ပါကြောင်း၊ ဒါကြောင့် ဒီလိုကြည်ညိုဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်စေခဲ့တဲ့ အတွက် တပေါင်းလပြည့်နေ့ကို ပြည်တော်ပြန်နေ့အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓဘာသာဝင်တို့က အထိမ်းအမှတ်ကုသိုလ်ပွဲတွေ ဒီကနေ့အထိ ပြုလုပ်ကျင်းပ နေကြခြင်းဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)