ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ခရမ်း ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေ ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်း‌ဝေက ပြည်သူများအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာ ဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရေအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးဆရာညီညီနိုင်ရေးသားသည့် ပညာနှင့်ဘဝအောင်မြင်ရေးလမ်းညွှန်စာအုပ်မှအချိန်ကို စီမံခန့်ခွဲခြင်းနည်းပညာအကြောင်းကိုလည်းကောင်း အချိန်ကိုပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်သည့် နည်းလမ်းကောင်းများအကြောင်းနှင့် မိမိဘဝ တိုးတက်ကြီးပွားစေရန် စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေးစသည့် စာအုပ်ပါအကြောင်းအရာများကို စာပေချစ်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်းဖြင့် အချိန်ကိုပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မည့် နည်းလမ်းများအားသိရှိပြီး မိသားစုနှင့်ပတ်ဝန်းကျင်ဆက်ဆံရေး ကောင်းမွန်နိုင်ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)