မက်မန်း ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဗူးသီးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိသည်။
မက်မန်းမြို့နယ်သည် ရှမ်းပြည်နယ်အတွင်း၌ ဝေးလံခေါင်ဖျားဒေတွင်ပါဝင်၍ ဒေသထွက်ဟင်းသီး ဟင်းရွက်များစိုက်ပျိုးမှုကို ယခင်ကစိုက်ပျိုးမှုနည်းပါးခြင်းကြောင့် ဒေသခံများအနေဖြင့် မိုင်းပျဉ်းမြို့နယ်မှ တစ်ဆင့်ဝယ်ယူခဲ့ကြရာ ယနေ့အချိန်တွင် ဒေသခံများအနေဖြင့် စိုက်ပျိုးလုပ်ငန်းများကို ပိုမိုစိုက်ပျိုးလာကြသည်။ “မက်မန်းမြို့နယ်တွင် နေထိုင်သူ ဦးသက်နိုင်မိသားစုသည် စာနပ်ရိက္ခာဖူလုံစေရေးအတွက် ဗူးသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ဒေသအတွင်းရှိ ပြည်သူများအားရောင်းချလျက်ရှိရာ ဒေသထွက်ဗူးသီးတစ်လုံးလျှင် ငွေကျပ် (၂၅၀၀)မှ(၃၀၀၀)အထိရရှိကြောင်း၊ ဗူးသီးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးဖြစ်ထွန်းမှုများကြောင်း၊ ဗူးသီးအပြင် ဗူးညွန့်များပါရောင်းချရကြောင်း၊ ဗူးစင်တစ်စင်လျှင် ဗူးသီးအလုံး(၈၀)အထိ ခူးဆွတ်ရောင်းချရကြောင်း၊ ဗူးစင်(၅)စင်စိုက်ပျိုးထားသဖြင့် နှစ်စဉ်အပိုဝင်ငွေ (၈)သိန်းကျော်ရရှိကြောင်း” ပြောကြားခဲ့သည်။ မက်မန်းမြို့နယ်တွင် နေထိုင်သူဒေသခံများအနေဖြင့် စိုက်ပျိုးသီးနှံများကို စိုက်ပျိုး၍ မိသားစုအပိုဝင်ငွေရရှိနိုင်ရေး စိုက်ပျိုးသင့်ပါကြောင်းလည်း ပြောကြားခဲ့သည်။
ပန်းကျင်(ခရိုင်၊ ပြန်/ဆက်)