မန္တလေး စက်တင်ဘာ ၂၆
မြန်မာ့မီးရထား မန္တလေးဘူတာကြီးမှ ပြေးဆွဲလျက်ရှိသည့် မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၃)အဆန်၊ (၄)အစုန် ရန်ကုန်လူစီးရထားကို စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ယာယီရပ်နား လိုက်ကြောင်း မန္တလေးဘူတာကြီး တာဝန်ခံထံမှသိရသည်။
ကိုဗစ်ကာလတွင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် မဖြစ်မနေသွားရမည့် ခရီးသည်များ အဆင်ပြေစေရေး မန္တလေးဘူတာကြီးမှ မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနားနှင့် မန္တလေး-လားရှိုး ရထားလမ်းပိုင်း ၃ခု ပြေးဆွဲပေးနေရာမှ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာသည့် အမှတ်(၃) အဆန်၊ အမှတ်(၄)အစုန် လူစီးရထားပြေးဆွဲမှုကို ယာယီရပ်နားလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် မန္တလေး-မြစ်ကြီးနား အမှတ်(၄၁)အဆန်၊ (၄၂)အစုန်ရထားနှင့် မန္တလေး-လားရှိုး အမှတ် (၁၃၁)အဆန် အမှတ်(၁၃၂)အစုန် ရထားတစ်စီးစီသာ ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးဘူတာကြီးကနေ ပြေးဆွဲနေသည့် ရထားခရီးစဉ် ၁၆ လိုင်းရှိပြီး လက်ရှိတွင် ခရီးစဉ် နှစ်ခုသာရှိတော့ကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် မန္တလေးဘူတာကြီး၌ လက်ဆေးကန်များ ထားရှိပြီး ဘူတာကြီးနားနေဆောင်နှင့် ဘူတာကြီးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်မှသာ ဝင်ရောက်ခွင့်ပြုစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ဘူတာကြီးသို့ ဝင်လာသည့် ရထားများတွင် ခရီးသွားရာဇဝင် စစ်ဆေးခြင်းများ ပြုလုပ်ပြီး လိုအပ်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ Quarantine Center များကို ပို့ဆောင်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိပ်ထားနိုင်