ကျောက်တံခါး ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာ အထက်တန်း(ပဲနွယ်ကုန်း)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတရရှိလာစေရေး၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရေးနှင့် ဗလငါးတန်ပြည့်စုံစေရေးတို့အတွက် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ဆောင်ရွက်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်က ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် အမှား၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် တာဝန်သိစိတ်၊ လူငယ်နှင့်အောင်မြင်ခြင်း အစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြပြီး အခြေခံပညာ အထက်တန်း(ပဲနွယ်ကုန်း)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၂၅)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)