စဉ့်ကိုင် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက် ၁၁နာရီက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးအနေဖြင့် ပြည်သူများ၊ လူငယ်၊လူရွယ်များ သိရှိလိုက်နာစေရန်အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ၊ နံရံကပ်စာစောင် ဓာတ်ပုံများ ဖြင့်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဉက္ကဋ္ဌစာရေးဆရာရှေ့နေဦးဝင်းကြည်က မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်မူလစိတ်ကိုပြောင်းလဲစေပြီး မိသားစုပြဿနာများပေါ်ပေါက်နိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးကို သဘာ၀မူးယစ်ဆေးနင့်ဓာတုဗေဒနည်းအရ ပြန် လည်ပြုပြင် ဖော်စပ်ထားသောဆေးများရှိသည်။ အပြင်းစားနှင့် အပျော့စားဟူနှစ်မျိုး ခွဲခြားနိုင်ပြီးအပျော့စား မူးယစ်ဆေးမှာ ဆေးခြောက်ဖြစ်ပြီး အပြင်းစား မူးယစ်ဆေးများမှာ ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ စသည်တို့က အပြင်းစား မူးယစ်ဆေးများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ကျရောဂါ၊ မှတ်ညဏ်ချို့ယွင်းခြင်း၊ ပြင်းထန်စွာစိုးရမ်ကြောင့်ကြမှုဖြစ်ခြင်း မိမိကိုယ်ကို မိမိသတ်သေခြင်း၊ ရာဇ၀တ်မှု မျိုးစုံကျူးလွန်နိုင်ခြင်းတို့ ဖြစ်တတ်သည့်အတွက် မူးယစ်ဆေးဝါးကို တစ်မ္ဘာလုံး၏ ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ပြည်သူလူထုအားလုံးကလည်း ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ကျော့မူယာမောင်