သပိတ်ကျင်း ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာဂျွန် ဘာသာပြန်ဆိုရေးသားသည့် “အချိန်စီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှုရယူခြင်း” စာအုပ်ဖြင့် စာပေရေးရာဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေုးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ် ဆွေးခြင်းကြောင့် စာပေဗဟုသုတများတိုးပွားလာခြင်း၊ စာပေအမြင်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခြင်း၊ အတွေးအခေါ်များ တိုးပွားလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များမှ ဦးကျော်ကျော်က စာရေးဆရာ ဂျွန်ဘာသာပြန်ဆိုရေးသားသည့် အချိန်စီမံခန့်ခွဲ ခြင်းစာအုပ်မှ “အချိန်အားစီမံခန့်ခွဲခြင်း”၊ “ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စအား အချိန်ခွဲဝေသတ်မှတ်ပြီးလုပ်ကိုင်ပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ယဉ်နီလာအေး( လုပ်သားရုပ်သံ) ကအချိန်အားထိရောက်စွာ စီမံခန့်ခွဲခြင်း၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ပြီး ဆွေးနွေးခဲ့မှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်စွမ်ရည်များ မြင့်မားလာစေရန် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)၊သပိတ်ကျင်း