စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

စဉ့်ကူး ဇန်နဝါရီ  ၂၃  

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်း ဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဆွေးနွေးပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များ ဖြစ်သည့်အတွက် လူငယ်များအနေဖြင့် အားကစားကို လေ့လာလိုက်စားရင်း ကျန်းမာသန်စွမ်းသည့် လူငယ်များဖြစ်လာစေရန်၊ အားကစားဆောင်ရွက်ရင်း စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေပြီး လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်လေးများ ဖြစ်ထွန်းလာစေရန်စသည့် အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာဖတ်ပရိသတ်များက မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)