ကျောက်ဆည် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ(၂၀၀၀)ကျပ်ဈေး ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည် ပျိုးထောင်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားပြီး စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့်ပိုးမွှားနှိမ်နင်းဆေး များ အသုံးပြုရကြောင်း ရှားပင်ကျေးရွာမှ ပံတံဆိပ်ခရမ်းချဉ်မျိုး စိုက်ပျိုးထားသည့် တောင်သူ ဦးကိုကိုခိုင်က ပြောပြသည်။
ပံတံဆိပ် ခရမ်းချဉ်မျိုး(၁)ထုပ် စိုက်ပျိုးပါကငွေကျပ်(၆)သိန်းခန့်ကုန်ကျကြောင်း၊ ပျိုးထောင်ကာပြောင်းရွှေစိုက်ပျိုးပြီး (၄၅)ရက်တွင် အသီးများစတင်ခူးဆွတ်ရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင်ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာ ချိန်(၁၅၀)ပိဿာအထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရသဖြင့် ခရမ်းချဉ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးနှံစိုက်ပျိုးသူများအနေဖြင့် အခွံထူအထားခံသည့် ပံတံဆိပ်တိုင်ထောင်ခရမ်းချဉ်မျိုးများ အဓိကထား စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးမည်ဆိုပါက သာဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင် ထားရကြောင်းရေသွင်းရေထုတ် ကောင်းမွန်စေရန်အတွက် မြေဘောင်များပြုလုပ်၍ ရေအလေအလွင့် နည်းပါးစေရန်နှင့် ပေါင်းမြက်များ ပေါက်ရောက်မှုသက်သာစေရန်အတွက် ပလပ်စတစ်အပါးစများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)