ညောင်ဦး ဇန်နဝါရီ ၈
ထိုင်းနိုင်ငံထွက်(ယိုးဒယား)သရက်သီးများ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ မဏိစည်သူဈေးသို့ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်ကြောင်း သရက်ချဉ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ဝင်းမာထံကသိရသည်။
ထိုင်းနိုင်ငံထွက်(ယိုးဒယားသရက်) ဒေသအခေါ် သရက်သီးများ တနှစ်ပတ်လုံးဝင်ရောက်လျက် ရှိရာ ယခုအခါ သရက်သီးများ များပြားစွာဝင်ရောက်လာကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဒေသမျိုး ရင်းသရက်ပင်များဖူးပွင့်ချိန်ရောက်မှ သရက်သီးဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်းသိရကာ ခြောက်ပိဿာ အိပ်တစ်အိတ်လျှင် ခြောက်ထောင်ကျပ်ပေးဝယ်ရကြောင်း၊ သရက်သီးရာသီချိန် မရောက်ခင် ၆ ပိဿာ အိတ်တစ်အိတ်လျှင် ရှစ်ထောင်ကျပ်ထိ ပေးဝယ်ကာ သရက်သီး အသစ်မပြတ်စေရန် ဝယ်ယူကာ သရက်သီး ပေါက်စိတ်လုပ်ရောင်းချခဲ့ကြောင်း သိရပြီး သရက်သီးပေါက် စိတ်တစ်ပိသာလျှင် နှစ်ထောင်ကျပ်ဖြင့် ပြန်လည်ရောင်းချရကြောင်း သရက်သီးပေါက်စိတ်များအား ဆားတစ်မျိုးထဲဖြင့် သာရောမွေပြီး ပြန်လည်ရောင်းချကြောင်း ဒေါ်ကေသီကရှင်းပြသည်။
မြန်မာ့ဒေသမျိုးရင်း သရက်များပေါ်ချိန်တွင် ပေါ်ဦးပေါ်စသာ ဈေးရရှိပြီး သရက်မျိုးစုံလှိုင်လှိုင် ပေါ်ချိန် သရက်သီးတစ်တင်း နှစ်ထောင်ကျပ်မှ နှစ်ထောင်ငါးရာကျပ်သာဈေးရှိတတ်ကြောင်း သရက်မျိုးစုံ လှိုင်လှိုင်ပေါ်ချိန် စဉ့်အိုးများဖြင့် လှောင်သိပ်ခြင်း၊ သစ်သားသေတ္တာများအတွင်း ပလပ် စတစ်ခံသိပ်ခြင်း၊ ဖက်ကြမ်းဆေးလိပ်ပိုများဖြင့် လှောင်သိပ်ထားကြကာ သရက်သီးအစိမ်းရှားပါးချိန် မှစတင်ကာ လှောင်သိပ်ထားသည့် သရက်ချဉ်များအား စတင်ရောင်းချရကြောင်း စတင်ရောင်းချချိန် က တစ်ပိဿာ တစ်ထောင်နှစ်ရာကျပ်မှ ယခုအခါသရက်ချဉ်(အဟောင်း)တစ်ပိသာ တစ်ထောင့် လေးရာကျပ်ဖြစ်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံမှဝင်ရောက်လာသည့် သရက်သီးများသည် ဒေသမျိုးသရက်လောက် စားမကောင်းသော်လည်း တစ်နှစ်ပတ်လုံးသီးကာရောင်းချရခြင်းကြောင့် ဈေးကွက် အသာစီးရနေကြောင်း သရက်ချဉ်လုပ်ငန်းရှင်များက ရှင်းပြသည်။
ကိုကြေးမုံ